Top News

MoU လုပ်သားများအတွက် ထိုင်းဘက်က ကောက်ခံသော ဝန်ဆောင်ခနှုန်းအား ဘတ် ၅၀၀၀ မှ ၃၆၀၀ သို့ လျှော့ချ
24htopnews | November 23, 2024 7:12 AM CST

မြန်မာ-ထိုင်း အစိုးရချင်း သဘောတူညီမှု MoU စနစ်ဖြင့် တရားဝင် စေလွှတ်သော လုပ်သားများအတွက် ထိုင်းနိုင်ငံဘက် က ဝန်ဆောင်ခနှုန်းအား ယခင်ဘတ် ၅၀၀၀ ကောက်ခံနေရာမှ ဘတ် ၃၆၀၀ သို့ လျှော့ချပေးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က သိရသည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် တရားဝင် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအနေဖြင့် ယခင်က မြန်မာဘက်ခြမ်းတွင် ကျပ်တစ်သိန်းခွဲနှင့် ထိုင်းဘက်ခြမ်းတွင် ဘတ် ၅၀၀၀ ပေးသွင်းခဲ့ရပြီး  မတ်လ အစောပိုင်းတွင် ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဌာနက ဘတ် ၃၆၀၀ သို့ လျော့ချပေးခဲ့ခြင်း ဖြစ်သည်။ 

ထိုင်းနိုင်ငံဘက်က မြန်မာလုပ်သားများကို ကောက်ခံသည့် ဘတ် ၃၆၀၀ မှာ နေထိုင်ခွင့်ဗီဇာကြေး ဘတ် ၅၀၀၊ ဆေးစစ်ခ ဘတ် ၅၀၀၊ တစ်နှစ်စာအတွက် ကျန်းမာရေး အာမခံကြေး ဘတ် ၁၆၀၀ နှင့် လူမှုဖူလုံရေး အကျုံးဝင်သည့် ဌာနများအတွက် လူမှုဖူလုံရေးကြေးအနေဖြင့် လုပ်ခလစာ၏ ငါးရာခိုင်နှုန်း၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ကြေး ဘတ် ၉၀၀ နှင့် လျှောက်လွှာကြေး ဘတ် ၁၀၀ စုစုပေါင်းဘတ် ၃၆၀၀ ဖြစ်သည်။  

“ ဒီနှုန်းထားက ထိုင်းဘက်က ပြောင်းလဲလိုက်တဲ့ သတ်မှတ်ချက် ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့သတ်မှတ်ချက် မဟုတ်ဘူး။ ထိုင်းဘက်က သတ်မှတ်ချက်ကို ထုတ်ပြန်ပေးတာပါ။ မြန်မာဘက်ကတော့ အရင်အတိုင်း ဝန်ဆောင်ခ တစ်သိန်းခွဲ ကောက်မယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခနှုန်းထက် ပိုကောက်တဲ့ အေဂျင်စီတွေကို အလုပ်သမားတွေက တိုင်မယ်ဆိုရင် ဝန်ကြီးဌာန၊ MOEAF၊ နယ်မြေခံတို့ပါတဲ့ အဖွဲ့တွေက စုံစမ်းဖော်ထုတ်ပြီး အရေးယူမယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

၂၀၁၉ ခုနှစ် မတ် ၁၁ ရက်တွင် ထိုင်းနိုင်ငံသို့ လုပ်သားစေလွှတ်သည့် အေဂျင်စီများအနေဖြင့် အလုပ်သမားများကို ဝန်ဆောင်ခ နှုန်းထားထက် ပိုမိုကောက်ခံခြင်း မပြုရန်နှင့် လိုက်နာခြင်းမရှိလျှင် ၁၉၉၉ ခုနှစ် ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များအတိုင်း အရေးယူမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အကြောင်းကြားစာ ပို့ထားသည်။  

ထိုင်းသို့ လုပ်သားစေလွှတ်သော အေဂျင်စီများအနေဖြင့် မြန်မာလုပ်သားများအပေါ် သတ်မှတ် ဝန်ဆောင်ခနှုန်းထက် ပိုမိုကောက်ခံခြင်း မပြုရန် အကြောင်းကြားထားသော်လည်း လက်တွေ့တွင် ပိုမိုကောက်ခံသော အေဂျင်စီများရှိနေသည့်အတွက် အရေးယူထားခြင်းများ ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သိရသည်။ 

ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာရွှေ့ပြောင်းလုပ်သား နှစ်သန်းခန့်ရှိပြီး တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားလည်း သန်းနှင့်ချီ ရှိနေကြောင်း သိရသည်။ 

 


READ NEXT
Cancel OK