ကရင်နီပြည်လူငယ်အင်အားစုများက ကယားပြည်နယ်အစိုးရသို့ နောက်ဆုံးသတိပေးစာ ထုတ်ပြန်ပြီးနောက်တွင် ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်တုထားရှိရာ ပြည်သူပိုင် ကန္ဒာဟေဝန်ပန်းခြံကို မတ် ၁၄ ရက် ညနေပိုင်းတွင် သံဆူးကြိုးများ ကာရံကာ လုံခြုံရေးတိုးမြှင့်ရန် ပြင်ဆင်နေသည်ကို တွေ့ရကြောင်း မြို့ခံများမှ သိရသည်။
“ကျွန်တော်တို့က ပုတ်ပြတ်နဲ့ သံဆူးကြိုးလာတပ်တာပါ။ ဘယ်သူတပ်ခြင်းလဲတော့ မသိပါဘူး။ CCTV တပ်နေတာက ကုမ္ပဏီတစ်ခုပဲ။ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး” ဟု သံဆူးကြိုး တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေသော အလုပ်သမားတစ်ဦးက ပြောကြားသည်။
ပန်းခြံစည်းရိုးများပေါ်တွင် လွှသွား စိတ်သံဆူးကြိုးများ ပတ်လည်တပ်ဆင်ခြင်း၊ ကြေးရုပ်စိုက်ထူရာ အုတ်ခုံလေးဘက် ပတ်လည်တွင် CCTV များ တပ်ဆင်ခြင်းအပြင် လုံခြုံရေးတာဝန်ကျ ရဲဝန်ထမ်းများ တိုးမြှင့်ထားကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုပြဿနာနှင့် ပတ်သက်၍ ကရင်နီပြည် လူငယ်အင်အားစုက ကယားပြည်နယ်အစိုးရသို့ နောက်ဆုံး သတိပေးခြင်းအဖြစ် မတ် ၁၂ ရက်တွင် စာထုတ်ပြန်ပေးပို့ခဲ့ကြောင်း၊ မတ် ၁၇ ရက်အထိ ပြဿနာများကို ဖြေရှင်းနိုင်ကြောင်းနှင့် မဖြေရှင်းပါက လူထုအရေးတော်ပုံတစ်ရပ် ဆင်နွှဲသွားမည်ဖြစ်ကြောင်း စာထဲတွင် ရေးသားထားသည်ဟု သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရပ်တုပြဿနာနှင့် ပတ်သက်၍ ကယားပြည်နယ်အစိုးရမှ ညှိနှိုင်းသဘောတူညီချက် ပြန်လည်တင်ပြရန် အသိပေး အကြောင်းကြားစာအား မတ် ၁၂ ရက် ည ၈ နာရီခွဲခန့်တွင် ကရင်နီလူငယ်များထံ ပေးပို့ရာ ထိုစာအပေါ် ကရင်နီပြည် လူငယ်အင်အားစုများက သဘောထားထုတ်ပြန်ချက်ကို မတ် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် အစိုးရနှင့် ကရင်နီလူငယ်များ ချုပ်ဆိုခဲ့ကြသော စာချုပ်ပါ သဘောတူညီများမှာ မတ် ၁၂ တွင် ပျက်ပြယ်သွားသည့်အပြင် ထပ်မံဆွေးနွေးရန် အစိုးရတွင်သာ တာဝန်ရှိသည်ဟု ရေးသားထားကြောင်း သိရသည်။
နောက်ဆုံး သတိပေးစာတွင် အချက် ငါးချက် ပါရှိပြီးအချက် (၁) တွင် ကရင်နီပြည်သည် သီးခြားလွတ်လပ်သော ပြည်နယ်အဖြစ် ပြည်ထောင်စုတွင် ထူးခြားသည့် ၀ိသေသလက္ခဏာများဖြင့် ပါရှိသည့်အပြင် သမိုင်းနှင့် ဖြစ်တည်မှုတို့အတွက် ခိုင်မာစွာ ရပ်တည်မှုအတွက် တောင်းဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရေးသားထားသည် ။
အချက် (၂) တွင် ကြေးရုပ်နှင့် ပတ်သက်၍ မတည်ဆောက်ရေး စတင်ကန့်ကွက်ခဲ့သည့် အချိန်မှစ၍ ယနေ့အထိ စဉ်ဆက်မပြတ် တွေ့ဆုံညှိနှိုင်းရေးအပြင် လူထုအရေးတော်ပုံ လှုပ်ရှားမှုပြုလုပ် တောင်းဆိုခဲ့ပြီး အစိုးရမှ တောင်းဆိုချက်များအား အကြိမ်ကြိမ်လျစ်လျူရှု အတင်းအဓမ္မ တည်ဆောက်ခဲ့သည့်အပြင် ကြေးရုပ်ဖြုတ်သိမ်းရေးအတွက် တာဝန်ယူတာဝန်ခံမှုမရှိဘဲ ခေါင်းရှောင်နေသည်ကို ပြင်းထန်စွာ ရှုတ်ချကြောင်း ရေးသားထားသည်။
ဖေဖော်ဝါရီ ၁၂ ရက် အထွေထွေ လူထုသပိတ်မှ နှစ်ဖက်ညှိနှိုင်းရာ သဘောတူညီချက်များအရ တစ်လအတွင်း ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနှင့်တွေ့ရန် သဘောတူခဲ့ကြရာ ဖေဖော်ဝါရီ ၁၇ ရက်တွင် တွေ့ဆုံညှိနှိုင်းရာတွင် ကြေးရုပ်ကော်မတီမှ ဖွင့်ပွဲပြုလုပ်ပြီးနောက် အစိုးရသို့ အပ်နှံလိုက်ပြီဖြစ်၍ ကြေးရုပ်ရွှေ့ပြောင်းရေးမှာ အစိုးရနှင့်သာ သက်ဆိုင်ကြောင်းပြောဆိုသည်ဟု အချက် (၃) တွင် ထည့်သွင်း ရေးသားထားသည်။
ထို့ကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်ပြိုကွဲစေမည့် ကြေးရုပ်ကို မတ် ၁၉ ရက် နောက်ဆုံးထား ရွှေ့ပြောင်းပေးရန်နှင့် မူလစတင် အကောင်အထည်ဖော်ခဲ့သော ပြည်နယ်ဝန်ကြီးချုပ် အယ်လ်ဖောင်းရှို နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့မှ တာဝန်ယူ တာဝန်ခံ ဖြေရှင်းပေးစေလိုကြောင်း ထပ်မံ သတိပေးလိုက်သည်ဟု အချက် (၄) တွင် ရေးသားထားသည်။
နောက်ဆုံးပိုဒ်တွင် အထက်ပါ အချက်လေးချက်ကို တာဝန်ယူမဖြေရှင်းပါက ကရင်နီပြည်ရှိ လူထု၏ သဘောဆန္ဒသည် သက်မဲ့ရုပ်ထားရှိရေးအတွက် “ကျွနု်ပ်တို့ သက်ရှိကရင်နီလူမျိုးတို့၏ သမိုင်းအား စတေးခံမည် မဟုတ်ကြောင်း” နှင့် ကရင်နီပြည် လူငယ်အင်အားစုများ၏ မူလတောင်းဆိုချက် ဖြစ်သော ကြေးရုပ်တုဖြုတ်သိမ်းရေးနှင့် ရွှေ့ပြောင်းရေးမူအတိုင်း အခိုင်အမာ ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ယတိပြတ်အသိပေးလိုက်သည်ဟု နောက်ဆုံးသတိပေးစာအဖြစ် ထုတ်ပြန်ရေးသားထားကြောင်း သိရသည်။
-
မန်ယူပစ်မှတ် ဆန်ချိုအား အသင်းတွင် ဆက်နေရန် မာကိုရွိုက်စ် တိုက်တွန်း
-
မိမိမှာ ဗာရွန်လက်သစ်ဖြစ်သည်ဟု မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် အရွှန်းဖောက်
-
ရီးယဲလ်ဂန္ထဝင်များ၏ စကားစမြည်
-
အလုပ်ရမည်ဟုဆိုကာ ပွဲစားက မြန်မာလုပ်သား ၁၀၀ ခန့်ကို လိမ်လည်သဖြင့် ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ဆန္ဒပြ
-
စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာရှိဟုဆို