Top News

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် တစ်နှစ်အတွင်း  COVID-19 ကူးစက်ခံရသူအရေအတွက် စံချိိန်တင်မြင့်တက်
24htopnews | November 23, 2024 12:12 AM CST

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် အိုလံပစ်ပြိုင်ပွဲကျင်းပရန် ငါးရက်သာလိုတော့သည့် အချိန်တွင် ဇန်နဝါရီ ၃၀ ရက်က COVID-19 ကူးစက်ခံရသူအရေအတွက်မှာ တစ်နှစ်အတွင်း အများဆုံးစံချိန်ရှိခဲ့သည်။

တရုတ်အာဏာပိုင်များသည် ကိုဗစ်ကင်းစင်ရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အိုလံပစ်ပြိုင်ပွဲကို အလွန်တင်းကျပ်သည့် တားမြစ်ကန့်သတ်ချက်များ ချမှတ်သွားမည်ဖြစ်ပြီး ပစ်မှတ်ထားလော့ဒေါင်းချမှတ်မှုများ၊ နယ်စပ်အဝင်၊အထွက် တားမြစ်ကန့်သတ်ချက်များနှင့် ကွာရန်တင်းစည်းမျဉ်းများကို ချဲ့ထွင်ခဲ့သည်။

ယင်းလုပ်ဆောင်ချက်များကြောင် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး တရုတ်သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ရောဂါကူးစက်ခံရသူသစ် နည်းပါးခဲ့သော်လည်း အိုလံပစ်ပြိုင်ပွဲကျင်းပမည့်မြို့များနှင့် အနီး တစ်ဝိုက်ဒေသများအပါအဝင် မြို့အချို့တွင် ပြည်တွင်းကူးစက်မှုများဖြင့် ရင်ဆိုင်နေရသည်။

တရုတ်၏ အထင်ရှားဆုံး ရုံးပိတ်ရက် ဖြစ်သည့် တရုတ်နှစ်သစ်ကူးအခါသမယတွင် သန်းနှင့်ချီသည့် တရုတ်နိုင်ငံသားများသည် ၎င်းတို့၏ မွေးရပ်ဇာတိမြို့များသို့ ပြန်လည်သွားရောက်နေချိန်တွင် ကပ်ရောဂါကူးစက်မှုအခြေအနေ ပိုမိုဆိုးရွားလာမည့်အရေးနှင့်လည်း ရင်ဆိုင်နေရသည်။

ဇန်နဝါရီ ၃၀ ရက်က ပေကျင်းတွင် ရောဂါကူးစက်ခံရသူသစ် ၂၀ ရှိခဲ့ပြီး ယင်းသည် ၂၀၂၀ ပြည့်နှစ် ဇွန်လနောက်ပိုင်း ပေကျင်းတွင် ရောဂါကူးစက်ခံရသူ အများဆုံးစံချိန် ဖြစ်ခဲ့သည်ဟု အမျိုးသား ကျန်းမာရေး ကော်မရှင် (NHC)က ပြောကြားခဲ့သည်။

တရုတ်အာဏာပိုင်များသည် နေအိမ်ခြံဝန်းအချို့ကို လော့ဒေါင်းချပြီး ဇန်နဝါရီ ၃၀ ရက်က ရောဂါကူးစက်မှုအများစုကို တွေ့ရှိခဲ့သည့် ဖန်တိုင်ခရိုင်၏ အာဏာပိုင်များသည် ဒေသခံ နှစ်သန်းခန့်ကို ရောဂါစစ်ဆေးမှုများ စတင်ပြုလုပ်လျက်ရှိသည်။

အိုလံပစ်ပြိုင်ပွဲနှင့် ဆက်နွှယ်သူများကို ရောဂါကူးစက်မှုအန္တရာယ်ကိုလျှော့ချရန် တရုတ်ပြည်သူအများစုနှင့် ထိတွေ့မှုမရှိစေရန် သီးသန့်ခွဲထားသည့် နေရာတစ်ခုတွင် ထားရှိခဲ့သည်။အိုလံပစ်ပြိုင်ပွဲနှင့် ဆက်နွှယ်သူများကို ထားရှိသည့် ယင်းနေရာတွင် လူ ပေါင်း ၆၀၀၀ ခန့်ရှိပြီး ၎င်းတို့ကို နေ့စဉ် ရောဂါ စစ်ဆေးခဲ့သည်။

ပွဲစီစဉ်သူများ၏ ပြောကြားချက်အရ ဇန်နဝါရီ ၄ ရက်တွင် ချိတ်ပိတ်ခဲ့သည့် ယင်း သီးသန့်နေရာတွင် ရောဂါစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ၌ ဇန်နဝါရီ ၂၉ ရက်က ကူးစက်ခံရသူသစ် ၃၆ ဦးတွေ့ရှိခဲ့သဖြင့် ယင်းသီးသန့် နေရာတွင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၀ ကျော်အထိရှိလာခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၃၀ ရက်က နိုင်ငံတစ်ဝန်း ပြည်တွင်းကူးစက်မှု ၅၄ ခုတွေ့ရှိခဲ့ပြီး စီးပွားရေးအရ ချမ်းသာကြွယ်ဝသည့် ဟန်ကျိုးမြို့ နှင့် အရှေ့မြောက်ပိုင်း ဟိုင်လောင်ကျန်းပြည်နယ်မှ ရှူဖန်ဟီ မြို့တို့သည် ရောဂါကူးစက်မှု ဗဟိုချက်များဖြစ်ခဲ့သည်ဟု NHC က ပြောကြားခဲ့သည်။

တရုတ်အာဏာပိုင်များသည် ရောဂါကူးစက်မှုများတွေ့ရှိခဲ့သည့် ပေကျင်းမြို့အနီးတစ်ဝိုက်ဒေသကို ယခုသီတင်းပတ်အတွင်း လော့ဒေါင်းချခဲ့ပြီး ရောဂါစစ်ဆေးမှုများပြုလုပ်ခဲ့ကာ လူဦးရေ ၁.၂ သန်း နေထိုင်သည့် ရှောင်အန်းဒေသသစ်တွင် ကြိုတင်ကြေညာခြင်းမရှိဘဲ လော့ဒေါင်းချခဲ့သည်။

                                              


READ NEXT
Cancel OK