ဥပဒေကြောင်းအရ အရေးယူရန် ခြိမ်းခြောက်မှုများ၊ အွန်လိုင်းမှ နှောင့်ယှက်တိုက်ခိုက်သည့် အစီအမံများနှင့် လုပ်ဖော်ကိုင်ဖက် သတင်းသမားများ နှင်ထုတ်ခံနေရသည့် အခြေအနေများကြောင့် တရုတ်နိုင်ငံတွင် အ လုပ်လုပ်ကိုင်နေသည့် ပြည်ပသတင်းသမားများ အနေဖြင့် လွတ်လပ်စွာ သတင်းရေးသားမှုအပေါ် အဟန့်အတား ဖြစ်စေသော မကြုံဖူးလောက်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သတင်းသမားများဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ဇန်နဝါရီ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်အစိုးရအနေဖြင့် ပြည်ပသတင်းသမားများအပေါ် တရားစွဲဆိုခြင်း သို့တည်းမဟုတ် ဥပဒေကြောင်းအရ အရေးယူရန် ခြိမ်းခြောက်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာပုံရကြောင်း တရုတ်နိုင်ငံရှိပြည်ပသတင်း ထောက်များ အသင်းအဖွဲ့ (FCCC) က ၎င်း တို့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေဟာ ခါတိုင်းမြင်တွေ့နေကျ ပုံစံမျိုး မဟုတ်တော့ဘဲ ပြောင်းလဲလာတာပါ” ဟု Economist မဂ္ဂဇင်း၏ ပေကျင်းဗျူရို အကြီးအကဲ ဒေးဗစ်ရန်နီက ၎င်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
“အထူးသဖြင့် သတင်းမီဒီယာ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ သတင်းရေးသားဖော်ပြမှုတွေကြောင့် ဥပဒေအရ အရေးယူခံရမှုတွေ ဒါမှမဟုတ် တရားစွဲဆိုခံရမှုတွေ ဒါမှမဟုတ် အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ သတိပေးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
ယင်းသည် သတင်းသမားများကို အခမ်းအနားများသို့ တက်ရောက်သတင်းယူခွင့် ပိတ်ပင်ခြင်း သို့တည်းမဟုတ် သတင်းမီဒီယာ ကတ်ပြားနှင့် ဗီဇာလျှောက်ထားရာတွင် အခက်အခဲ ကြုံရမှုကဲ့သို့ ယခင်ကြုံတွေ့ခဲ့ရသည့် အခြေအနေများနှင့် မတူတော့ဘဲ စိုးရိမ်စရာ အပြောင်းအလဲမျိုး ဖြစ်လာခဲ့သည်ဟုလည်း သူက ဆက်လက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံပိုင်ရုပ်သံ CGTN တွင် ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် အလုပ်လုပ်ခဲ့သည့် သြစတြေးလျနိုင်ငံသူ ချန်းလေ နှင့် ဘလွန်းဘာ့ဂ် သတင်းဌာနမှ ဟေ့ဇ်ဖန်းတို့ ၂၀၂၀ ခုနှစ်တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဥပဒေအရ အရေးယူခံရနိုင်သည့် အလားအလာများ မြင့်တက်လာခဲ့သည် ဟု သိရသည်။
တရုတ်အာဏာပိုင်များကမူ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမှု သံသယဖြင့် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းကာလအတောအတွင်း ပြည်ပသတင်းသမားများနှင့် သတင်းမီဒီယာ အဖွဲ့အစည်းများသည် အန္တရာယ် မြင့်မားလာမှုနှင့် အွန်လိုင်းပေါ်မှ နှောင့်ယှက်တိုက်ခိုက်သည့် အစီအမံများကဲ့သို့ အစိုးရက ခွင့်ပြုထားသော တိုက်ခိုက်မှုများကြောင့် ဆက်လက်လုပ်ငန်း လည်ပတ်ရန် ခက်ခဲလာသည့်အတွက် တရုတ်နိုင်ငံမှ အရေးပေါ် ထွက်ခွာရမည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်ဟုလည်း FCCC ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ လုပ်ဆောင်မှုများသည် ပြည်ပမီဒီယာများကို ရန်သူဟု ထင်မြင်ယူဆမှုများကို ကြီးထွားလာစေခဲ့ကာ တရုတ်နှင့် ပတ်သက်၍သတင်းရေးသားရာတွင် အခက်အခဲများ ရှိလာခဲ့သည်။ အဖွဲ့ဝင် ၁၉၂ ဦးထဲမှ ၁၂၇ ဦးအား သဘောထားစစ်တမ်း ကောက်ယူရာမှ တွေ့ရှိချက်များကို အခြေခံကာ ယခုကဲ့သို့ ဖော်ပြခဲ့ခြင်းလည်း ဖြစ်သည်။ သတင်းသမားများအနေဖြင့် လွန်လွန်ကဲကဲ ခြိမ်းခြောက်မှုများ၊ နိုင်ငံမှ နှင်ထုတ်ခံရမှုများကြောင့် အဝေးမှ သတင်းရေးသားပေးပို့မှုများကို ပိုမိုလုပ်ဆောင်လာကြသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
-
တစ်နှစ်အတွင်း တစ်ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းနီးပါးအထိ တရိပ်ရိပ်မြင့်တက်လာသော အထွေထွေစရိတ်စကဈေးနှုန်းများ
-
စိုက်ပျိုးရေးသွင်းအားစုများ၏ ဈေးနှုန်းကြီးမြင့်မှုဒဏ် တောင်သူတွေခံရဦးမည်
-
မန်ယူပစ်မှတ် ဆန်ချိုအား အသင်းတွင် ဆက်နေရန် မာကိုရွိုက်စ် တိုက်တွန်း
-
မိမိမှာ ဗာရွန်လက်သစ်ဖြစ်သည်ဟု မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် အရွှန်းဖောက်
-
ရီးယဲလ်ဂန္ထဝင်များ၏ စကားစမြည်