Top News

၂၀၁၇ ခုနှစ်နောက်ပိုင်း အင်အားအပြင်းဆုံး ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ဟု မြောက်ကိုရီးယား အတည်ပြု
24htopnews | November 23, 2024 12:12 AM CST

 ၂၀၁၇ ခုနှစ်နောက်ပိုင်း အင်အားအပြင်းဆုံး ဒုံးကျည်အား စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားက ဇန်နဝါရီ ၃၁ ရက်တွင် အတည်ပြုခဲ့သည်။

တစ်လအတွင်း ဒုံးကျည်စမ်းသပ်မှု အများအပြားကို လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် အနေဖြင့် နျူကလီးယား စမ်းသပ်မှုများ ပြန်လည်စတင်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။

မြောက်ကိုရီးယားသည် ဇန်နဝါရီလအတွင်း စံချိန်တင်အဖြစ် ဒုံးလက်နက်စမ်းသပ်မှု ခုနစ်ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ယင်းသည် တစ်လအတွင်း အများဆုံးအကြိမ်ရေလည်း ဖြစ်သည်။ အမေရိကန်၏ ရန်လိုသော မူဝါဒကြောင့်ဟု အပြစ်တင်ထားသော မြောက်ကိုရီးယား အနေဖြင့် တာဝေးပစ် ဒုံးကျည်နှင့် နျူကလီးယားလက်နက် စမ်းသပ်မှုများအား ၎င်းတို့ ကိုယ်တိုင်တရားဝင်ဆိုင်းငံ့ထားမှုကို စွန့်လွှတ်မည့် အလားအလာများလည်း ရှိလာခဲ့သည်။

၂၀၁၇ ခုနှစ်တွင် နောက်ဆုံးစမ်းသပ်ခဲ့သည့် Hwasong-12 တာလတ်ပစ်  ပဲ့ထိန်း ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဇန်နဝါ ရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဒုံးကျည် အမျိုးအစားသည် အမေရိကန်ပိုင် ဂူအမ်ကျွန်းကို ပစ်ခတ်နိုင်စွမ်း ရှိသည်ဟု သိရသည်။

ထုတ်လုပ်ဆဲ Hwasong-12 အမျိုးအစား ဒုံးကျည်စနစ် အလုပ်လုပ်ပုံ၏ တိကျမှု၊ ထိရောက်မှုနှင့် ဘေးကင်းလုံခြုံမှုတို့ကို အဆိုပါ စမ်းသပ်မှုအတွင်း အတည်ပြုနိုင်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။

အိမ်နီးချင်း နိုင်ငံများ၏ ဘေးကင်းလုံခြုံမှုကို တစ်စုံတစ်ရာ ထိခိုက်မှုမရှိစေသည့် ပုံစံဖြင့် ယင်းစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း KCNA က ဆိုသည်။

ဒုံးကျည်ထိပ်ဖူးတွင် တပ်ဆင်ထားသည့် ကင်မရာမှ ရိုက်ကူးထားသည်ဟု ယူဆရသော ဓာတ်ပုံများကိုလည်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ခဲ့သည်။ အဆိုပါဒုံးကျည်ကို မြေပြင်မှ လွှတ်တင်လိုက်ပုံနှင့် ကောင်းကင်တွင် ပျံ သန်းနေပုံတို့ကိုလည်း KCNA က ထုတ်ပြန်ခဲ့ သည်။ သို့ရာတွင် ယင်းစမ်းသပ်မှုကို ခေါင်းဆောင် ကင်ဂျုံအွန် တက်ရောက်ခဲ့ခြင်း ရှိမရှိကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

မြောက်ကိုရီးယားက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ်ခဲ့ကြောင်း နှင့် အဆိုပါ ဒုံးကျည်သည် ကီလိုမီတာ ၈၀၀ ခန့် ပျံသန်းရောက်ရှိခဲ့ကာ အမြင့် ကီလိုမီတာ၂,၀၀၀ အထိ အမြင့်ဆုံးရောက်ရှိခဲ့ ကြောင်း တောင်ကိုရီးယားကာ ဇန်နဝါရီ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားနှင့် တာဝေးပစ်ဒုံးကျည်း စမ်းသပ်မှုများအား တရားဝင်ဆိုင်းငံ့ကြောင်း ကြေညာထားမှုကို ရုပ်သိမ်းရန် နီးစပ်လာနေပြီဖြစ်ကြောင်း ဇန်နဝါရီ ၃၀ ရက်က အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေး အရေးပေါ် ခေါ်ယူပြီးနောက်တွင် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ၂၀၁၇ ခု နှစ်ကလည်း အလားတူပုံစံမျိုးကို ပြသခဲ့သည်ဟု ၎င်းက ဆိုသည်။ ၂၀၁၇ ခုနှစ်တွင် မြောက်ကိုရီးယားက Hwasong-12 တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ခဲ့ပြီး မကြာမီတွင် အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်သော Hwasong-15 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ခဲ့သည်။                      


READ NEXT
Cancel OK