ယူကရိန်းဘောလုံးအဖွဲ့ချုပ်(UAF) သည် ရုရှား ယူ-၁၇ အသင်းအား ဥရောပပြိုင်ပွဲများတွင် ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုသည့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) ၏ ဆုံးဖြတ်ချက်ကို ပြင်းထန်စွာ ရှုတ်ချခဲ့သလို ရုရှားအသင်းပါဝင်သည့် မည်သည့်ပြိုင်ပွဲမဆို ပါဝင်ယှဉ်ပြိုင်မည် မဟုတ်ကြောင်းနှင့် UEFA အဖွဲ့ဝင်နိုင်ငံအားလုံးကိုလည်း ၎င်းတို့ နှင့် ယှဉ်ပြိုင်ကစားခြင်းမပြုရန် တောင်းဆိုသည့် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) သည် ရုရှားအစိုးရက ယူကရိန်းအား စစ်ရေးအရ ကျူးကျော်တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှစတင်ကာ ရုရှားလက်ရွေးစင်အသင်းအပါအဝင် ကလပ်အသင်းအားလုံးကို နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့် တားမြစ်ပိတ်ပင်ထားသည်။
သို့သော် UEFA က အရွယ်ရောက်ပြီးသူများ၏ လုပ်ရပ်ကြောင့် ကလေးငယ်များအပေါ် သက်ရောက်မှုမရှိသင့်ဟုဆိုကာ ရုရှား ယူ-၁၇ အသင်းအား ဥရောပပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကြောင်း စက်တင်ဘာ (၂၇) ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်အရ ရုရှား ယူ-၁၇ အသင်းအနေဖြင့် နိုင်ငံအလံဝတ်ဆင်ခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်း၊ လက်ရွေးစင်အသင်းဝတ်စုံ ဝတ်ဆင်ခြင်း၊ အိမ်ကွင်းကစားခြင်း စသည့်အချက်များ ခွင့်ပြုချက်ရမည် မဟုတ်သလို စီနီယာအသင်းနှင့် ကလပ်အသင်းများအား ချမှတ်ထားသည့် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်ပိတ်ပင်သည့်ပြစ်ဒဏ်မှာလည်း ဆက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
UEFA ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် မကြာမီမှာပင် UAF က တုံ့ပြန်ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရုရှားအသင်းပါဝင်သည့် မည်သည့်ပြိုင်ပွဲမဆို ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်းနှင့် UEFA အဖွဲ့ဝင် နိုင်ငံအားလုံးကိုလည်း ၎င်းတို့နှင့် ယှဉ်ပြိုင်ကစားခြင်းမပြုရန် တောင်းဆိုခဲ့သည်။
''ရုရှားဖက်ဒရေးရှင်းရဲ့ ယူ- ၁၇ အသင်းတွေကို နိုင်ငံတကာပြိုင်ပွဲ ပြန်လည်ယှဉ်ပြိုင်ခွင့်ပြုတဲ့ UEFA ရဲ့ ဆုံးဖြတ်ချက်ကို UAF အနေနဲ့ ပြင်းထန်စွာ ရှုတ်ချပါတယ်။ မိမိတို့အနေနဲ့ ရုရှားအသင်းတွေ ပါဝင်တဲ့ မည်သည့်ပြိုင်ပွဲမဆို ပါဝင်ယှဉ်ပြိုင်မှာမဟုတ်ကြောင်း အတည်ပြုပါတယ်။ အခြား UEFA အဖွဲ့ဝင်တွေကိုလည်း ရုရှားဖက်ဒရေးရှင်းဆီကအသင်းတွေ ပါဝင်နိုင်တဲ့ပွဲစဉ်တွေကို သပိတ်မှောက်ကြဖို့ ပန်ကြားအပ်ပါတယ်။ ရုရှားရဲ့ကိုယ်စားလှယ်တွေ ပြန်လည်ပေါင်းစည်းလာရေးအတွက် မည်သည့်ခြေလှမ်းမဆို အန္တရာယ်ရှိပြီး ကြောက်စရာကောင်းတဲ့ လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ယုံကြည်ပါတယ်။ အဲဒီလိုလုပ်ခြင်းဟာ ရုရှားအစိုးရရဲ့ ယူကရိန်းမြေမှာ ကျူးလွန်ခဲ့တဲ့ သူတို့ရဲ့ ရာဇဝတ်မှုအားလုံးကို ထောက်ခံအားပေးရာ ရောက်ပါတယ်'' ဟု UAF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
ရုရှားက မြောက်ကိုရီးယားကို လေယာဉ်ပစ်ဒုံးကျည်များ ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား ထိပ်သီးအရာရှိ ပြောကြား
-
အာမိုရင်မ်လက်ထက်မှာ ဘာတွေ မြင်ရမလဲ
-
ပရီးမီးယားလိဂ်ဒိုင်လူကြီး ဒေးဗစ်ကူတီ၏ပြဿနာကို စစ်ဆေးနေဆဲဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်ကာလအတွင်း ပွဲပယ်ခံထားရမည်
-
■ ပြင်သစ်လီဂူးပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
-
■ အင်အားပြင်း စကူဒက်တိုတိုက်ပွဲ