သံတမန်များအတွက် ကိုရိုနာဗိုင်းရပ်စ် ကွာရန်တင်းစည်းကမ်းများကို လျှော့ပေးရန် ဇန်နဝါရီ ၂၇ ရက်တွင် အမေရိကန်က တရုတ်အစိုးရကို မေတ္တာရပ်ခံခဲ့သည်။
အမေရိကန်က ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲကို ဖျက်လိုဖျက်ဆီးလုပ်ရန် နည်းလမ်း ရှာနေသည်ဟု တရုတ်ကစွပ်စွဲခဲ့ပြီးနောက် အမေရိကန်က အထက်ပါအတိုင်း တရုတ်အစိုးရကို မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
ကိုဗစ်ကင်းစင်မူဝါဒကို ဖော်ဆောင်နေသော တရုတ်အစိုးရသည် ဆိုက်ရောက်ခရီးသည်များကို အနည်းဆုံး ၁၄ ရက် မဖြစ်မနေ ကွာရန်တင်းဝင်ရန် ချမှတ်ထားကာ အရေးပါသောဒေသများကိုလည်း တပ်တလဲလဲ လော့ ဒေါင်းချလျက်ရှိသည်။
သံတမန်ဆိုင်ရာအထူးအခွင့်အရေးများ နှင့် ကင်းလွတ်ခွင့်များကို ဆန့်ကျင်နေသော ကွာရန်တင်းစည်းကမ်းများ၊ ကိုဗစ်ဆေးစစ်မှု စည်းကမ်းများနှင့် ပတ်သက်၍ အမေရိကန်က တရုတ်အစိုးရနှင့် ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနက်ဒ်ပရိုက်စ်က ပြောကြားသည်။
“ကိုဗစ်ထိန်းချုပ်ရေးအစီအမံတွေတွေ နဲ့ကိုက်ညီမယ့် ကျိုးကြောင်းဆီလျော်မယ့် နည်းလမ်းတွေလို့ ကျွန်တော်တို့ယူဆတဲ့ ကိစ္စတွေကို ကျွန်တော်တို့ အကြံပြုခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံတကာသံတ မန်စံနှုန်းတွေနဲ့ကိုက်ညီမယ့်ကိစ္စတွေကို အကြံပြုခဲ့တာပါ”ဟု နက်ဒ်ပရိုက်က သတင်း ထောက်များကို ပြောကြားခဲ့သည်။
စိုးရိမ်ပူပန်မှုများရှိနေသည့်တိုင် ပေကျင်းမြို့ရှိ အမေရိကန်သံရုံး၏ ဗီဇာထုတ်ပေးသည့် လုပ်ငန်းစဉ်တွင် အပြောင်းအလဲ ရှိမည်မဟုတ်ဟု ၎င်းက ပြောကြားသည်။
သံရုံးဝန်ထမ်းများ သို့မဟုတ် မိသားစုဝင်များကို ထွက်ခွာခွင့်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်လုပ်ပိုင် ခွင့်ပေးမှုမှန်သမျှကို ဆန့်ကျင်ကြောင်း တရုတ် အစိုးရပိုင်ဂလိုဘယ်တိုင်းမ်သတင်းစာ က အစောပိုင်းတွင် သတိပေးခဲ့ပြီး တရုတ်သည် ကမ္ဘာပေါ်တွင် ဘေးအကင်းဆုံးနေရာ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ယင်းသို့ ထွက်ခွာမှုသည် အထိတ်တလန့်ဖြစ်မှုကိုသာ ဖန်တီးပေးမည်ဖြစ်ကာ တရုတ်၏ ကပ်ရောဂါနှိမ်နင်းရေးလုပ်ငန်းစဉ်ကို အသရေဖျက်သလိုဖြစ်နေပြီး တရုတ်က ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အောင်အောင်မြင်မြင်လက်ခံကျင်းပမည့်အနေအထားကို အနှောင့်အယှက်ပေးခြင်းဖြစ်သည်ဟု ဂလိုဘယ်တိုင်းမ်သတင်းစာက ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် ဇန်နဝါရီ ၂၇ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် စကားပြောခဲ့ရာ၌ အမေရိကန်အနေဖြင့် ဆောင်းရာ သီအိုလံပစ်ပြိုင်ပွဲကို နှောင့်ယှက်နေခြင်းအား ရပ်တန့်ရန်ပြောကြားပြီး ဥရောပတွင် ရုရှား၏ လုံခြုံရေးစိုးရိမ်မှုများကို အလေးအနက်ထားသင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
တရုတ်ကဖေဖော်ဝါရီ ၄ ရက်တွင် လက်ခံကျင်းပမည့် ဆောင်းရာသီအိုလံပစ် ပြိုင်ပွဲကို ပါ၀ါအပျော့အောင်ပွဲအဖြစ် အသွင်ပြောင်းလဲမည်ဟု မျှော်လင့်လျက်ရှိသည်။
သို့ရာတွင် အထူးသဖြင့် ရှင်ကျန်းဒေသ ရှိ လူနည်းစုဝီဂါမွတ်စလင်များနှင့် စပ်လျဉ်း ၍တရုတ်၏ လူ့အခွင့်အရေးမှတ်တမ်းကို အမေရိကန်ဦးဆောင်ကာ သံတမန်ရေးသပိတ်မှောက်မှုက အိုလံပစ်ပြိုင်ပွဲမတိုင်မီ ပြင်ဆင်မှုများကို လွှမ်းမိုးထားသည်။
ဝမ်ယိနှင့် ဘလင်ကင်တို့ ဖုန်းပြောခဲ့သည့်အကြောင်းကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ရာတွင် အိုလံပစ်ကိစ္စကို ဖော်ပြခဲ့ခြင်းမရှိဘဲ ယူကရိန်းအရေးကို အလေးထား ဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သည်။
-
ရုရှားက မြောက်ကိုရီးယားကို လေယာဉ်ပစ်ဒုံးကျည်များ ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား ထိပ်သီးအရာရှိ ပြောကြား
-
အာမိုရင်မ်လက်ထက်မှာ ဘာတွေ မြင်ရမလဲ
-
ပရီးမီးယားလိဂ်ဒိုင်လူကြီး ဒေးဗစ်ကူတီ၏ပြဿနာကို စစ်ဆေးနေဆဲဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းစဉ်ကာလအတွင်း ပွဲပယ်ခံထားရမည်
-
■ ပြင်သစ်လီဂူးပွဲစဉ် (၁၂) ပွဲကြိုသုံးသပ်ချက်
-
■ အင်အားပြင်း စကူဒက်တိုတိုက်ပွဲ