Top News

ယူကရိန်းအရေးနှင့်ပတ်သက်၍ သံတမန်ရေး ကြိုးပမ်းမှုများ အရှိန်မြှင့် လုပ်ဆောင်နေစဉ် ဥရောပအရှေ့ပိုင်းသို့ တပ်ဖွဲ့ဝင်များ စေလွှတ်မည်ဟု သမ္မတဂျိုးဘိုင်ဒင် ပြောကြား
24htopnews | November 23, 2024 12:12 AM CST

ယူကရိန်းအရေးနှင့်ပတ်သက်၍ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အပေါ် ဆက်လက် ဖိအားပေးရန် ကြိုးပမ်းသည့်အနေဖြင့် ဥရောပအရှေ့ပိုင်းသို့ တပ်ဖွဲ့ဝင်အချို့ ဖြန့်ကြက်စေလွှတ်သွားမည်ဟု အမေရိကန် သမ္မ တ ဂျိုးဘိုင်ဒင်က ဇန်နဝါရီ ၂၈ ရက်တွင် ကြေညာခဲ့သည်။

ပင်တဂွန် ထိပ်တန်း တာဝန်ရှိသူများက သံတမန် နည်းလမ်းအရ အရှိန်မြှင့် ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောဆိုထားချိန်တွင် သမ္မတဘိုင်ဒင်က ယင်းကဲ့သို ကြေညာခဲ့ခြင်းဖြစ်သည်။

ယူကရိန်း နယ်စပ်အနီးတွင် ရုရှားတပ်ဖွဲ့ဝင်များ အလုံးအရင်း ဖြန့်ကြက်ချထားမှုနှင့် ပတ်သက်၍ အထိတ်တလန့်ဖြစ်စေသည့် ပြောဆိုမှုများကို ရှောင်ကြဉ်ရန်အနောက်နိုင်ငံ ခေါင်းဆောင်များကို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်စကီးက တိုက်တွန်းထားစဉ် သမ္မတပူတင်နှင့် ပြင်သစ်သမ္မတ အီမန်နျူ ရယ် မက်ခရွန် တို့ကလည်း တင်းမာမှုများကို လျှော့ချရန် လိုအပ်နေကြောင်း သဘောတူညီခဲ့ကြသည်။

ယခုမတိုင်ခင်အထိ သမ္မတပူတင် သာမက အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများ၏ ခေါင်းဆောင်များကလည်း သီတင်းပတ်များစွာ ကြာမြင့်နေပြီဖြစ်သည့် ၎င်းအကျပ်အတည်းနှင့် ပတ်သက်၍ အလျှော့ပေးမည့် လက္ခဏာမျိုး ပြသခဲ့ခြင်း မရှိပေ။ ယူကရိန်း အရေးသည် ရုရှားနှင့် အနောက် နိုင်ငံများအကြား ဆယ်စုနှစ်များစွာအတွင်း အဆိုးဝါးဆုံး အကျပ်အတည်း ဖြစ်လာခဲ့သည်။

သို့ရာတွင် ပြင်သစ်သမ္မတနှင့် တစ်နာရီကျော်ကြာ ဖုန်းပြောဆိုမှုအတွင်း သမ္မတ ပူတင်က ၎င်းတွင် စစ်ပွဲဆင်နွှဲမည့် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်ဟု ပြင်သစ်သမ္မတ၏ လက်ထောက်တစ်ဦးက ဆိုသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ တင်းမာမှုများ မြင့်တက်နေဆဲဖြစ်သဖြင့် ဥရောပ အရှေ့ပိုင်းတွင် နေတိုးတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားမှုကို အင်အားဖြည့်တင်းသည့် အနေဖြင့် အမေရိကန် တပ်ဖွဲ့ဝင်အချို့ကို မ ကြာမီ စေလွှတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဓိကအားဖြင့် အနောက်ဥရောပ အနှံ့အပြားတွင် အမေရိကန်က တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဖြန့်ကြက်ထားပြီးဖြစ်သည်။

လက်ရှိတွင် ရုရှားအနေဖြင့် ယူကရိန်း တစ်နိုင်ငံလုံးကို ခြိမ်းခြောက်နိုင်သည့် တပ်ဖွဲ့ဝင်များနှင့် စစ်လက်နက်များကို ဖြန့်ကြက်ထားသည့်တိုင် သံခင်းတမန်ခင်း နည်းလမ်းများကို အာရုံစိုက် လုပ်ဆောင်သင့်ကြောင်း ပင်တဂွန် ထိပ်တန်းတာဝန်ရှိသူများက တိုက်တွန်းထားသည်။

ထိပ်တိုက်ရင်ဆိုင်သည့် မည်သို့သော ပဋိပက္ခမျိုးမဆို ပေါ်ပေါက်လာပါက နှစ်ဦး နှစ်ဖက်လုံးကို ထိခိုက်စေလိမ့်မည် ဖြစ်ကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ထိပ်တန်းဗိုလ်ချုပ်ကြီး မာ့ခ်မီလီ ကလည်း သတိပေးထားသည်။

“ယူကရိန်း အရေးနှင့်ပတ်သက်ပြီး စစ်ရေးပဋိပက္ခ ဖြစ်ပေါ်လာမယ်ဆိုရင် ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုမျိုး ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကမူ စစ်ပွဲကို ရှောင်လွှဲနိုင်သည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ရုရှားက ယူက ရိန်းနှင့် နယ်စပ်တွင် တပ်ဖွဲ့ဝင် တစ်သိန်းကျော်ကို ဖြန့်ကြက်ခဲ့သည်။     

         

         

         


READ NEXT
Cancel OK