■ အင်္ဂလန် ၄-၀ ဘူလ်ဂေးရီးယား
ယူရို-၂၀၂၀ ခြေစစ်ပွဲအုပ်စုပွဲစဉ် (၅)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန်အသင်းနဲ့ ဘူလ်ဂေးရီးယားအသင်းတို့ရဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းက အိမ်ကွင်း ဝင်ဘလေမှာ တိုက်စစ်မှူးဟာရီကိန်းရဲ့ဟက်ထရစ်ဂိုးအပါအဝင် (၄-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရပြီး အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲဆက်ခဲ့ပါတယ်။
အုပ်စုတွင်း (၂)ပွဲကစားပြီး (၆)မှတ်ရထားတဲ့ အင်္ဂလန်နဲ့ (၄)ပွဲကစားပြီးချိန်မှာ (၂)မှတ်သာရထားတဲ့ ဘူလ်ဂေးရီးယားတို့အကြား အစစအရာရာကွာခြားချက်များခဲ့တာကလည်း ဒီပွဲရဲ့အဖြေဖြစ်ခဲ့တာပါ။
လူငယ်ကစားသမားတွေကို ဦးစားပေးရွေးချယ်ထားတဲ့ နည်းပြဆောက်ဂိတ်ရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဒန်နီရို့စ်၊ ထရစ်ပီယာ၊ ဟန်ဒါဆန်၊ ဘာကလေ၊ စတာလင်၊ ဟာရီကိန်း၊ မက်ဂွိုင်းရားတို့လို အတွေ့အကြုံရှိကစားသမားတွေများခဲ့ပါတယ်။
ဒါကြောင့်လည်း အင်္ဂလန်တို့ပွဲအစကတည်းက ပွဲကိုစိုးမိုးနိုင်ခဲ့ပြီး စိတ်ကြိုက်ကစားခွင့်ရခဲ့တာပါ။
ပြည်တွင်းအခြေစိုက်ကစားသမားအများစုနဲ့ စုဖွဲ့ထားတဲ့ ဘူလ်ဂေးရီးယားအသင်း အင်္ဂလန်အသင်းကို ခံစစ်ပိတ်ဆို့ပြီး အမှတ်ရဖို့ကြိုးပမ်းခဲ့ပေမယ့် လိုအပ်ချက်တွေများခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးကိုပွဲချိန် (၂၄)မိနစ်မှာ ဘူလ်ဂေးရီးယားဂိုးသမားနဲ့ နောက်တန်းအမှားကနေ ရရှိခဲ့တာဖြစ်ပြီး စတာလင်ရဲ့ ပေးပို့မှုကနေ ဟာရီကိန်းက အနီးကပ်ပိတ်သွင်းယူခဲ့တာပါ။
ဂိုးရပြီးချိန်မှာ အင်္ဂလန်အသင်းပိုမိုဖိအားပေးကစားလာနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းမှာ ဂိုးထပ်မရတော့ဘဲ (၁-၀)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းအစပိုင်းမှာပဲ ဂိုးထပ်ရခဲ့လို့ အင်္ဂလန်အသင်းအတွက် ပိုပြီးလွယ်ကူသွားစေခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် (၄၉)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ကြောင့် ရတဲ့ ပယ်နယ်တီကို ဟာရီကိန်းက သွင်းယူပေးခဲ့ပါတယ်။
အင်္ဂလန်တို့ဆက်တိုက်ဖိကစားနိုင်ခဲ့ပြီး တတိယဂိုးကိုတော့ ပွဲချိန် (၅၅)မိနစ်မှာ ဟာရီကိန်းရဲ့ ပေးပို့မှုကနေ စတာလင်က သွင်းယူပေးခဲ့ပါတယ်။
စတာလင်ဟာ အင်္ဂလန်အသင်းအတွက် နောက်ဆုံး (၇)ပွဲမှာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု (၉)ဂိုး (၇ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး) အထိရှိခဲ့တာလည်းဖြစ်ပါတယ်။
လက်ကျန်မိနစ်တွေမှာ အင်္ဂလန်အသင်းဟာ ဆန်ချို၊ မေဆန်မောင့်တို့ကိုထည့်သွင်းပြီး အပြောင်းအလဲလုပ်ခဲ့သလို၊ လူငယ်တွေနဲ့ အင်္ဂလန်ရဲ့ကစားအားကလည်း တကယ်ကိုကျေနပ်စရာကောင်းခဲ့တာပါ။
အင်္ဂလန်အသင်းအတွက်နောက်ဆုံးဂိုးကိုတော့ ပွဲချိန် (၇၃)မိနစ်မှာ ဟာရီကိန်းက ပယ်နယ်တီကနေတစ်ဆင့်သွင်းယူပြီး သူ့အတွက် ဟက်ထရစ်ဂိုးဖြစ်စေခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အင်္ဂလန်အသင်းက (၄-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး အုပ်စုပွဲ (၃)ပွဲ ယှဉ်ပြိုင်ကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ အုပ်စုပထမနေရာကနေ ဦးဆောင်နေခဲ့ပါတယ်။
-
အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးချိန်အထိ ဆူဒန်ကို အာဖရိကသမဂ္ဂက အဖွဲ့ဝင်အဖြစ်မှဆိုင်းငံ့မည်
-
လာမည့်လများအတွင်း ဒရုန်းဖြင့် ကုန်ပစ္စည်းပို့ဆောင်မှုများစတင်မည်ဟု Amazon ထုတ်ပြန်
-
အာတိတ်ဒေသ ရထားခရီးစဉ်ကို ရုရှားက ပထမဦးဆုံးအကြိမ် ပြေးဆွဲ
-
ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရခြင်းသည် အစိုးရတစ်ရပ်၏ လက်ချက်ဖြစ်နိုင်ဟု ယူအေအီး၏ စုံစမ်းစစ်ဆေးမှုရလဒ်တွင် ဖော်ပြ
-
အရှေ့အလယ်ပိုင်း၌ အမေရိကန်၏ စစ်အင်အားတိုးမြှင့်မှုက အီရန်အား နောက်ပြန်ဆုတ်စေခဲ့