Top News

ဘဂ္ဂဒတ်မြို့ရှိ လုံခြုံရေးမြင့်မားသော ဂရင်းဇုန် ဒုံးကျည်နှစ်စင်းဖြင့် တိုက်ခိုက်ခံရ
24htopnews | November 22, 2024 1:12 PM CST

ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းက အမေရိကန်သံရုံးတည်ရှိရာ ဘဂ္ဂဒတ်မြို့၏ လုံခြုံရေးအလွန်ကောင်းမွန်သော ဂရင်းဇုန်ကို ဒုံးကျည်နှစ်စင်း ပစ်ခဲ့သည်ဟု အီရတ်လုံခြုံရေးတပ်ဖွဲ့များက ထုတ်ပြန်ခဲ့သည်။

“ဘဂ္ဂဒတ်က ဂရင်းဇုန်ကို ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခဲ့ပါတယ်။ ပထမဒုံးကျည်ကို စီ-ရမ် ဒုံးခွင်းဒုံးနဲ့ လေထဲမှာ ပစ်ချခဲ့ပါတယ်။ ဒုတိယ ဒုံးကျည်ကတော့ ရင်ပြင်ထဲ ကျရောက်ခဲ့လို့ မော်တော်ယာဉ်နှစ်စီးပျက်စီးခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပစ်ချခဲ့သော ဒုံးကျည်သည် အမေရိကန် သံရုံးအနီးတွင် ကျဆင်းခဲ့ပြီး ဒုတိယဒုံးကျည် မှာ မီတာ ၅၀၀ အကွာ( ပေ ၁၆၄၀) ခန့်တွင် ကျဆင်းခဲ့သည်ဟု လုံခြုံရေးသတင်းရင်းမြစ် က အေအက်ဖ်ပီသတင်းဌာနကို ပြောကြား ခဲ့သည်။

ယခင်က ဒုံးကျည်နှစ်စင်းကို အမေရိကန်သံရုံးအနီးတွင် ပစ်ချခဲ့သည်ဟု အဆိုပါ သတင်းရင်းမြစ်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ယခုဖြစ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဟု အမေရိကန် ဗဟိုကွပ်ကဲရေးဌာနပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ကြီးဘီလ်အာဘန်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ယခုတိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း မည်သူကမှ ပြောဆိုခြင်းမရှိပေ။

မကြာသေးခင်လများတွင် ဒုံးကျည် တစ်ဒါဇင်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ သို့မဟုတ် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများသည် အီရတ်နိုင်ငံရှိ အမေရိကန်စစ်သားများနှင့် အမေရိကန်အကျိုးစီးပွားများကို ပစ်မှတ်ထားခဲ့သည်။

ယင်းတိုက်ခိုက်မှုများကို ပြုလုပ်ကြောင်း ဝန်ခံပြောဆိုမှုမရှိသလောက်ပင်ဖြစ်သော်လည်း တိုက်ခိုက်မှုများကို အီရန်လိုလားသော အဖွဲ့များက ပုံမှန်လုပ်ဆောင်ခြင်းဖြစ်သည်။

အီရတ်တွင် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်း၏ အိုင်အက်စ်အုပ်စုကို တိုက်ခိုက်မှု မစ်ရှင်ပြီးဆုံးကြောင်း မကြာသေးခင်က ကြေညာခဲ့ပြီးနောက် ယခုနောက်ဆုံး ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပေါ်လာခြင်းဖြစ် သည်။

အကြမ်းဖျင်းအားဖြင့် အမေရိကန်စစ်သား ၂,၅၀၀ နှင့် ညွန့်ပေါင်းစစ်သား ၁,၀၀၀ သည် အီရတ်စစ်သားများကို သင်တန်းပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အကူအညီပေးရန် အီရတ်နိုင်ငံတွင် ဆက်လက်ရှိနေကြမည် ဖြစ်သည်။

အီရတ်ရှိ အီရန်လိုလားသောအဖွဲ့များ က အီရတ်နိုင်ငံ၌ အခြေစိုက်ထားသော အမေရိကန်တပ်ဖွဲ့အားလုံး ထွက်ခွာသွားကြရန် တောင်းဆိုလျက်ရှိသည်။

ဒီဇင်ဘာ ၁၈ ရက်တိုက်ခိုက်မှုသည် ၂၀၀၃ ခုနှစ်တွင် အမေရိကန်က အီရတ်ကိုကျူးကျော်ကာ အာဏာရှင် ဆက်ဒမ်ဟူဆိန်ကို ဖြုတ်ချခဲ့ ပြီးနောက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် အီရတ်ရှိ အမေရိကန်စစ်သား အားလုံး ထွက်ခွာမှု ၁၀ နှစ်ပြည့် နှစ်ပတ်လည် နှင့် တိုက်ဆိုင်နေသည်။

ထို့နောက်အမေရိကန်သည် အီရတ်၏ ဒေသအများအပြားကို လျင်လျင်မြန်မြန်ထိုး စစ်ဆင်ကာ သိမ်းပိုက်နေခဲ့သည့် အိုင်အက်စ်ကို တိုက်ခိုက်ရန် ၂၀၁၄ ခုနှစ်တွင် အီရတ်သို့ မိမိစစ်သားများကို စေလွှတ်ခဲ့သည်။

နိုဝင်ဘာလဆန်းပိုင်းတွင် အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ခါဒီမီသည် ဂရင်းဇုန်ရှိ ၎င်း၏ နေအိမ်ကို ပစ်မှတ်ထားခဲ့သော ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဘေးမသိ ရန်မခ လွတ်မြောက်ခဲ့သည်။ စက်တင်ဘာ လတွင်လည်း လက်နက်တပ်ဒရုန်းဖြင့် အာဘစ်လေဆိပ်တိုက်ခိုက်ခံရသည်။


READ NEXT
Cancel OK