အာဏာရှင်ဟောင်း အိုမာအယ်ဘာရှာ ပြုတ်ကျစေရန် ဦးတည်စေခဲ့သော လူထုဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် သုံးနှစ်အကြာတွင် ဆူဒန်ဆန္ဒပြသူ ရာပေါင်းများစွာသည် အရပ်သားဦးဆောင်သော ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရေးအတွက် ဒီဇင်ဘာ ၁၉ ရက်တွင် စုရုံးခဲ့ကြသည်။
လုံခြုံရေးတပ်ဖွဲ့များက ခါတွန်မြို့ရှိ သမ္မတနန်းတော်အနီးတွင် ဆန္ဒပြသူများကို လူစုခွဲရန် ကြိုးစားသည့် အနေဖြင့် မျက်ရည်ယို ဓာတ်ငွေ့ဘူးများကို ပစ်ခဲ့ကြသည့်အပြင် ကျည်ဆန်အစစ်သုံးကာ လေထဲသို့ သေနတ် ပစ်ဖောက်ခဲ့ရာ လူအများအပြား ဒဏ်ရာရသွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
သမ္မတနန်းတော် ဂိတ်ပေါက်များသို့ ချဉ်းကပ်လာသော ဆန္ဒပြသူများက အောက်တိုဘာ ၂၅ ရက်တွင် အာဏာသိမ်းမှုကို ဦးဆောင်ပြုလုပ်ခဲ့သော ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖတ်တာအယ်ဘာဟန်ကို ဆန့်ကျင်သည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။
“လူထုက ဘာဟန် ပြုတ်ကျတာကို အလိုရှိတယ်” ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြရာ များပြားလာသောလူအုပ်ကို ထိန်းထားရန် နောက်ထပ်လုံခြုံရေးတပ်ဖွဲ့များကို ချထားခဲ့သည်။
ညနေပိုင်းတွင် ဆန္ဒပြသူများက ဘာရှာကို ပြုတ်ကျသွားစေခဲ့သော လူထုဆန္ဒပြပွဲနှင့် ဆင်တူသည့် ထိုင်သပိတ်ကို ပြုလုပ်သွားမည်ဟု ကြေညာခဲ့ကြသည်။
ယင်းသို့ကြေညာခဲ့ပြီးနောက် ဆန္ဒပြသူ ထောင်ပေါင်းများစွာပေါ်သို့ မျက်ရည်ယို ဓာတ်ငွေ့ဘူးများ တရစပ်ကျလာခဲ့သည်ဟု အေအက်ဖ်ပီသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။
ဘာရှာအလွန် အသွင်ကူးပြောင်းရေး အစိုးရထဲတွင် ပါဝင်သော ဆူဒန်ဗိုလ်ချုပ်များ က လွန်ခဲ့သောနှစ်လခန့်တွင် အာဏာသိမ်းခဲ့ပြီး အရပ်သားခေါင်းဆောင်ဖြစ်သော ဝန်ကြီးချုပ်အဗ္ဗဒယ်လာဟမ်းဒေါ့ကို သီတင်းနှစ်ပတ်ကြာ နေအိမ်အကျယ်ချုပ်ချထားခဲ့သော်လည်း နိုဝင်ဘာ ၂၁ ရက်တွင် ၎င်းကို မူလဝန်ကြီးချုပ်ရာထူးတွင် ပြန်လည်ခန့်ထားခဲ့သည်။
ယင်းလုပ်ရပ်က ဟမ်းဒေါ့၏ ဒီမိုကရေစီ လိုလားသော ထောက်ခံသူအများစုကို မကျေမနပ်ဖြစ်စေခဲ့သည်။ အဆိုပါလုပ်ရပ်သည် ဘာဟန်၏ အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် အကာအကွယ်ပေးသည့် လုပ်ရပ်ဖြစ် သည်ဆိုကာ ဟမ်းဒေါ့ထောက်ခံသူအများစုက ပယ်ချခဲ့ကြခြင်းဖြစ်သည်။
“ဟမ်းဒေါ့ကို မူလရာထူးမှာ ပြန်လည် ခန့်အပ်ခဲ့ပေမယ့်လည်း အာဏာသိမ်းတဲ့ လုပ်ရပ်မှန်သမျှဟာ လက်မခံနိုင်စရာပါ”ဟု အသက်၂၀ ကျော်အရွယ် ဆန္ဒပြသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ဂုဏ်ယူစရာ ဒီဇင်ဘာ တော်လှန်ရေးဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းကို ရည်ရွယ်တာမဟုတ်ပါဘူး။ အရပ်သားအစိုးရဖြစ်လာဖို့ တောင်းဆိုတာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
တိုင်းပြည် ချောက်ထဲကျမည့်အရေးကို ဒီဇင်ဘာ ၁၈ ရက်နှောင်းပိုင်းတွင် ဟမ်းဒေါ့က သတိပေးခဲ့ပြီး ဆန္ဒပြသူများ သည်းခံကြရန် တိုက်တွန်းခဲ့သည်။ မိမိအနေဖြင့် နောက်ထပ် သွေးထွက်သံယိုအနေအထားကိုရှောင်ရှားချင်သည်ဟု ဟမ်းဒေါ့က ပြောကြားခဲ့သည်။
“ကျွန်တော်တို့တော်လှန်ရေးရဲ့ လမ်းကြောင်းပေါ်မှာ အတော်အတန်ကြီးမားတဲ့ ဆုတ်ယုတ်မှုကို ဒီနေ့(ဒီဇင်ဘာ ၁၈)မှာ ကျွန်တော်တို့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ အဲဒါဟာ နိုင်ငံရဲ့လုံခြုံရေး၊ စည်းလုံးညီညွတ်ရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေပါတယ်”ဟု ဝန်ကြီး ချုပ်ဟမ်းဒေါ့က ပြောကြားခဲ့သည်။
-
အမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုထံမှ ပေါင်သန်း (၅၀၀) ချေးယူပြီး အသင်းကို ဆက်လက်ရင်းနှီးမြှုပ်နှံသွားရန် ချယ်လ်ဆီးအသင်းပိုင်ရှင် တော့ဒ်ဘိုလီ စီစဉ်
-
ချန်ပီယံလိဂ်အပါအဝင် လိဂ်ပြိုင်ပွဲ(၃)ခုကို တန်းဆင်းတန်းတက်ပုံစံဖြင့် ချိတ်ဆက်ထားမည့် ပြိုင်ပွဲပုံစံအသစ် ဖန်တီးရန် UEFA စီစဉ်နေ
-
■ "ဒီအချိန်က ရိုးမားအသင်း သတ္တိရှိတယ်ဆိုတာကို ပြသရမယ့် အချိန်ပါ" - ရိုးမားအသင်းနည်းပြ မော်ရင်ဟိုနှင့် တွေ့ဆုံခြင်း
-
■ ချွေးထွက်လွန်းတဲ့ ဝတ်စုံ (Life)
-
ယူရို-၂၀၂၈ ပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် ဂရိတ်ဗြိတိန်နှင့် အိုင်ယာလန်ကို အောက်တိုဘာ(၁၀)ရက်တွင် တရားဝင်ကြေညာမည်