Top News

လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့်လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး PR စနစ်ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေးဆောင် ရွက်နေဟု နစက ဥက္ကဋ္ဌ ပြောကြား
24htopnews | November 21, 2024 8:12 PM CST



လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့်လူထုလူတန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး PR စနစ်ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေးဆောင် ရွက်နေဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။

နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပါတီများ မှတ်ပုံတင်ခြင်းများကို ဥပဒေနှင့်အညီခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ ဒေသနှင့် တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များအနေဖြင့် နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန် လိုအပ်ကြောင်း၊ လွှတ်တော်အတွင်း တိုင်းရင်းသားများနှင့်လူထုလူတန်းစား အလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး အချိုးကျကိုယ်စားပြုစနစ် (PR)ကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် အမျိုးသားလွှတ်တော်တွင် ဖော်ဆောင်နိုင်ရေးဆောင် ရွက်နေကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍ လည်း ကောက်ယူရန် ကျန်ရှိနေသည့် နေရာများ၌ အတတ်နိုင်ဆုံးအနီးစပ်ဆုံးအထိ ရရှိအောင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း၊ ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ကောက်ယူနိုင်မည်ဟု ခန့်မှန်းထားကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပေါ်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်းရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြောင်း၊ ထိုအချိန်တွင် မဲမသမာမှုများရှိခဲ့သော်လည်း မဲဆန္ဒနယ်အနည်းအကျဉ်းသာဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်အောင် ပြုလုပ်သူများသည် ၎င်းတို့၏သက်ဆိုင်ရာရွေးကောက်ခံ မဲဆန္ဒနယ်တစ်ခုတည်းတွင်သာမကဘဲ ဒေသတစ်ခုလုံးတွင်အနိုင်ရရှိအောင် မဲမသမာမှုများကိုပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

မဲမသမာမှုများကို ပြန်လည်စိစစ်ခဲ့ချိန်တွင် မဲစာရင်းအချိုးအရ ပဲခူးတိုင်းဒေသကြီး၌

မဲစာရင်းမှားယွင်းမှု အများဆုံးဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း မဲမသမာမှုများကို စိစစ်တွေ့ရှိခဲ့ရကြောင်း၊ ဦးဆောင်ပြုလုပ်သူများသည် ၎င်းတို့ သက်ဆိုင်ရာမဲဆန္ဒနယ်များတွင်သာမက တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် တစ်ခုလုံးအတိုင်းအတာအထိ မဲမသမာမှုများကိုပြုလုပ်ခဲ့သဖြင့် ရွေးကောက်ပွဲ မသမာမှုကျူးလွန်မှုသည် အတိမ်အနက်ကြီးမားကြောင်း၊ ထို့ကြောင့် ကျူးလွန်ခဲ့သည့် ပါတီအား ရွေးကောက်ပွဲဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါရွေးကောက်ပွဲမဲမသမာမှုများတွင် တာဝန်ရှိသူများသည် NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC) များဖြစ်ကြောင်း၊ ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်(CEC)များသည် ပါတီကိုကိုယ်စားပြုသူများဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်တည်းကျူးလွန်ခြင်းမဟုတ်ဘဲ အဖွဲ့လိုက် လုပ်ဆောင်ခြင်းဖြစ် သဖြင့် အလားတူဖြစ်စဉ်မျိုးမဖြစ်ပွားအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး၊ မဲစာရင်းများ မှန်ကန်မှုရှိစေရေး အဓိကဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောင်စီဝင်များအနေဖြင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး တာဝန်ခွဲဝေ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင် Myanmar Electronic Voting Machine စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံတွင်လည်း အဆိုပါ မဲပေးစနစ်ကိုအသုံးပြုလျက်ရှိပြီး မဲစာရင်းမှန်ကန်စေရန်အတွက် အထောက်အကူ ပြုသည့်စနစ်တစ်ခုဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လုံခြုံရေးအရ အပိုင်းလိုက်ခွဲခြား၍လည်း ပြုလုပ်နိုင်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဥ်အတွင်း နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု ရလာဒ်များ ပေါ်ထွက်လာအောင် ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်အတွက် အပြုသဘောဆောင်နိုင်ခဲ့သော အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း အစည်းအဝေးတွင် နစက ဥက္ကဋ္ဌက ထည့်သွင်း

ပြောကြားခဲ့သည်။

ခရီးစဉ်အတွင်း GMS အစည်းအဝေးသို့တက်ရောက်လာကြသည့် နိုင်ငံများမှ ဝန်ကြီးချုပ်များနှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများဆောင်ရွက်စဉ် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ၊ မြန်မာနိုင်ငံဆောင်ရွက်နေသည့်အခြေအနေများ၊ နိုင်ငံအလိုက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ နိုင်ငံတကာ မျက်နှာစာများတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မိတ်ဆွေနိုင်ငံများမှ ထောက်ခံအား ပေးမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အပြင် တရုတ်နိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang အနေဖြင့် GMS အစည်းအဝေးတက်ရောက်သည့် ဝန်ကြီးချုပ်များအနက် မြန်မာဝန်ကြီးချုပ်နှင့်သာ သီးခြားတွေ့ဆုံမှု ပြုလုပ်ခဲ့သည်ကိုတွေ့ရကြောင်း၊ သီးခြားတွေ့ဆုံ ဆွေးနွေးစဉ် မိမိအနေဖြင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြောကြားခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


READ NEXT
Cancel OK