မြန်မာနိုင်ငံ၏ လူဦးရေတိုးနှုန်းအရ နှစ်စဉ် ပျမ်းမျှအိမ်ရာ ၃၀၀၀၀ ကျော် ထုတ်လုပ်ပေးရန် လိုအပ်နေသော်လည်း မြေ၊ ဘဏ္ဍာငွေ အရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနသည် ပြည်သူများအတွက် သင့်လျော်သည့် အိမ်ရာများ ဖြည့်ဆည်းပေးရန် ရည်မှန်းချက်တာဝန်နှင့်အညီ လူဦးရေတိုးနှုန်း၊ မိသားစုဝင်ငွေနှင့် အိမ်ရာလိုအပ်ချက်များအတွက် လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး ကာလတို၊ ကာလရှည် အိမ်ရာစီမံကိန်းများ ရေးဆွဲတည်ဆောက် ပေးခြင်းဖြစ်ကြောင်း သိရသည်။
၂၀၁၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ် အထိ နှစ် ၂၀ ကာလအတွင်း လူဦးရေတိုးနှုန်းအရ အိမ်ရာတစ်သန်း လိုအပ်မည်ဖြစ်ကြောင်း၊ နှစ်စဉ် ပျမ်းမျှအိမ်ရာ ၃၀၀၀၀ ကျော်ထုတ်လုပ်ပေးရန် လိုအပ်ကြောင်း၊ ဘဏ္ဍာငွေ အရင်းအမြစ်၊ မြေအရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန် လျာထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။
ကျန်ရှိနေသည့် ရာခိုင်နှုန်း ၈၀ ကို ပုဂ္ဂလိကကဏ္ဍက ထုတ်လုပ်ပြီး လိုအပ်သည့် နည်းဥပဒေနှင့် ဥပဒေ အကာအကွယ်များကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ပံ့ပိုးမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
တစ်နှစ်လျှင် အငြိမ်းစားယူမည့် ဝန်ထမ်းဦးရေ ၂၀၀၀၀ ကျော်ရှိပြီး ၎င်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်း ဝယ်ယူလိုသည့် အတွက် တစ်နှစ်လျှင် အိမ်ရာလိုအပ်ချက် ၁၃၀၀၀ ယူနစ်ကျော် ဆောက်လုပ်ပေးရမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက လွှတ်တော်၌ ဖြေကြားခဲ့သည်။
အိမ်ရာလိုအပ်ချက် အများဆုံးဖြစ်သည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၅ ဘီလျံ၊ အငှားအိမ်ရာ အခန်းပေါင်း ၈၁၂ ခန်း တည်ဆောက်ပေးခဲ့ကြောင်း၊ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း ၁၂၀ ထပ်မံတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ စီမံကိန်းများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောက်လုပ်ဖြည့်ဆည်း ပေးလျက်ရှိပြီး အိမ်ခန်းများ ချထားရေးကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
နိုင်ငံ့ဝန်ထမ်းများအတွက် အိမ်ရာဖြည့်ဆည်းပေးရာတွင် နိုင်ငံတော်က ချမှတ်ပေးသော ရန်ပုံငွေဖြင့် အငှားအိမ်ရာနှင့် အရောင်းအိမ်ရာများ တည်ဆောက်ချထားပေးခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ PPP စနစ်ဖြင့် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရောင်းချပေးခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေရယူ၍ အရစ်ကျ အိမ်ရာချေးငွေစနစ်ဖြင့် ဆောက်လုပ်ရောင်းချပေးခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ သွားလာရေးလွယ်ကူသော နေရာများ၌သာ ပြည်သူများ အခြေချ နေထိုင်လိုခြင်းဖြစ်၍ အိမ်ရာဆောက်လုပ်ရန် မြေနေရာ အခက်အခဲရှိသည့်အတွက် အခြားဝန်ကြီးဌာနများက သုံးစွဲနေသည့် မြို့တွင်း သွားလာရလွယ်ကူသော မြေနေရာအပိုများကို ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခြင်းအားဖြင့် လိုအပ်သည့် အိမ်ရာများ ပိုမိုဆောက်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်း ပြည်သူများ အတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်း အိမ်ခန်း ၈၄၁၆ ခန်း တည်ဆောက်ရောင်းချ ပေးလျက်ရှိကြောင်း၊ အတိုးနှုန်း သက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျ ခွဲဝေရောင်းချ ပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။
-
အမေရိကန်တွင် COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေချိန် ကာကွယ်ဆေးများသည် အဓိကနေရာမှ ရပ်တည်နေဟု ကျန်းမာရေးတာဝန်ရှိသူများ ပြောကြား
-
COVID-19 ကပ်ရောဂါသည် ပြီးဆုံးရန် အလှမ်းကွာဝေးနေသေးဟု WHO သတိပေး
-
အီရန်၏ တိုက်ပွဲဝင်ဒရုန်းများကို ရယူလိုသည့် ရုရှား၏ အစီအစဉ်သည် ယူကရိန်းစစ်ပွဲတွင် ရုရှား၏ဆုံးရှုံးမှုများကို ပြသရာရောက်နေသည်ဟု အမေရိကန် ပြောကြား
-
ပြည်ပနိုင်ငံများတွင် အာဏာသိမ်းမှုများကို အစီအစဉ်အရ ကူညီပေးခဲ့ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ဟောင်းက ဝန်ခံ
-
အစိုးရအဆောက်အအုံများအား စီးနင်းသိမ်းပိုက်ထားမှုကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း သီရိလင်္ကာ ဆန္ဒပြသူများ ပြောကြား