Top News

မြေပြင်ကွင်းဆင်းကောက်ယူထားရေးဗဟိုကော်မတီက ပေးပို့သည့် လူဦးရေစာရင်းများကို UEC က မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ဟုဆို
24htopnews | January 22, 2025 12:12 AM CST

မြေပြင်ကွင်းဆင်းကောက်ယူထားရေးဗဟိုကော်မတီက ပေးပို့သည့် လူဦးရေစာရင်းများကို UEC က မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်(CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။

ဇန်နဝါရီ ၈ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည့် အိမ်ထောင်စုအမှတ်စဉ်များ ဖြည့်သွင်းနိုင်ရေးနှင့် လူဦးရေစာရင်းများ မြေပြင်စိစစ်အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေး အမှာစကားပြောကြားရာတွင် UEC ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအတွက် အဘက်ဘက်မှ အသင့်ဖြစ်နေစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲတစ်ခုတွင် မဲစာရင်းပြည့်စုံမှန်ကန်ရေးသည် အဓိကကျပါကြောင်း၊ မဲစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးပို့သည့် ပုံစံ (၆၆/၆) ကို အခြေခံသည့်လူဦးရေစာရင်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပေးပို့သည့် မြေပြင်လူဦးရေစာရင်းနှစ်ခုကို အခြေခံပြီး ကော်မရှင်က ပြုစုရပါကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။

ကော်မရှင်အနေဖြင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးဗဟိုကော်မတီက ပေးပို့လာသည့် လူဦးရေစာရင်းများကို ဗဟိုမဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ် (CVLMS) အတွင်း ထည့်သွင်းပြုစုထားပြီးဖြစ်ပါကြောင်း၊ဆောင်ရွက်ရာတွင် ကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့သည် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင်များ အဆင်ပြေစွာ မဲပေးနိုင်ရေးနှင့် လူဦးရေစာရင်းများကို မြေပြင်စိစစ်အတည်ပြုနိုင်ရေးစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည့်အတွက် အရေးကြီးသည့်လုပ်ငန်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံမှလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ တောင်းခံသွားကြရမည်ဖြစ်ပါကြောင်း UEC ဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မြေပြင်စိစစ်အတည်ပြုနိုင်ရေးလုပ်ငန်းများနှင့် ဝန်ကြီးဌာနအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က သတ်မှတ်မဲရုံအလိုက် မဲစာရင်းပြုစုရာတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၏ အိမ်ထောင်စုအမှတ်စဉ်များ သတ်မှတ်ဖြည့်သွင်းနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူများမှ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှတာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK