Top News

ရှမ်းပြည်နယ် တောင်ပိုင်း လင်းခေးတွင် တစ်ပတ်တိတိ ရေကြီးနစ်မြုပ်မှု ကြုံနေပြီး ကျိုင်းတောင်းဆည် ကျိုးကျမည်ကို ဒေသခံများ စိုးရိမ်နေ
24htopnews | January 21, 2025 9:12 PM CST

ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့ တောင်ပိုင်းတစ်လျှောက်ရှိ ကျေးရွာများတွင် တစ်ပတ်တိတိ ရေကြီးနစ်မြုပ်မှု ကြုံနေရပြီး ကျိုင်းတောင်းဆည် ကျိုးကျမည်ကို ဒေသခံများ စိုးရိမ်နေကြသည်ဟု အောက်တိုဘာ ၁၀ ရက် ညပိုင်းတွင် သတင်းရရှိသည်။

လင်းခေးမြို့တွင် အောက်တိုဘာ ၄ ရက်မှ စတင်၍ နမ့်တိန်းချောင်း ရေလျှံတက်ခြင်းကြောင့် လင်းခေး တောင်ပိုင်းမြို့များ ဖြစ်သော ဝမ်တိန်း၊ ဝမ်ဟတ်၊ မအွန်လောင်း၊ နားကုန်း၊ ဝမ်စလောင်း စသည့်ကျေးရွာများ ရေနစ်မြုပ်နေခြင်း ဖြစ်ကာ ကျိုင်းတောင်းဆည်ရေ ဖောက်ချမည်ဆိုလျှင် တောင်ပိုင်းကျေးရွာများ ရေကြီးနစ်မြုပ်ခြင်း ခံစားရနိုင်ကြောင်း ဒေသခံများက ပြောကြားသည်။

လင်းခေးမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၉၉၆ ပေရှိပြီး မြို့၏ အနိမ့်ဆုံးအပိုင်းမှာ ဝမ်စလောင်းကျေးရွာဖြစ်ကာ ယခု ရေကြီးနစ်မြုပ်ရာတွင် ဝမ်ဟတ် တိုက်နယ်သည် အဆိုးဆုံး ခံစားနေရကြောင်း သိရသည်။ ဝမ်ဟတ်တိုက်နယ်တွင်  ၃၆ ရပ်ကွက်ရှိပြီး အိမ်ထောင်စု ၂၈၀၀ ရှိကြောင်း သိရသည်။

အောက်တိုဘာ ၁၀ ရက်တွင် ကျိုင်းတောင်းဆည်မှာ ကျိုးကျနိုင်ကြောင်း ဒေသအုပ်ချုပ်ရေးပိုင်းမှ အသိပေး ကြေညာထားပြီး အဆိုပါ ကျိုင်းတောင်းဆည် ကျိုးကျလျှင် အောက်ခြေအနိမ့်ပိုင်းရွာများ ရေနစ်မြုပ်နိုင်ကြောင်း သိရသည်။

“အခု ဒီမှာ အောက်တိုဘာ ၄ ရက်ကနေ အခုထိ မိုးရွာလို့ ရေတွေမြုပ်နေတယ်။ ချောင်းရေလျှံတယ်။ ရေတွေ အိမ်ထဲကို လေးပေလောက် ဝင်တာ။ အခုထိ ရေမကျသေးတော့ အနံ့တွေ ထွက်နေပြီ။ မိုးက အခုချိန်ထိ တအားရွာနေတုန်းပဲ။ မိုးရွာတော့ မီးလည်း မလာဘူး။ နေ့တိုင်းလိုလို ရွာပြီးတော့ အခုချိန်အထိ ရေမကျဘူး ဖြစ်နေတယ်။ ကျောင်းတွေတော့ မပိတ်သေးဘူး။ လမ်းတွေပေါ်မှာ ရေတွေ ဖုံးလွှမ်းနေတယ်”ဟု လင်းခေး ဒေသခံ မထိုက်က ပြောကြားသည်။

လင်းခေးခရိုင်တွင် လင်းခေး၊ မိုးနဲ၊ မိုင်းပန်နှင့် မောက်မယ်မြို့နယ် လေးခုရှိပြီး ရပ်ကွက်ပေါင်း ၃၄ ခု၊ ကျေးရွာ အုပ်စုပေါင်း ၄၆ ခု ၊ ကျေးရွာပေါင်း ၃၀၉ ရွာ၊ အိမ်ခြေပေါင်း ၂၆၀၀၀ ကျော်၊ လူဦးရေ တစ်သိန်းသုံးသောင်းကျော် နေထိုုင်ကြောင်း သိရသည်။  


READ NEXT
Cancel OK