Top News

မြန်မာနိုင်ငံတွင် ၁၅ နှစ်နှင့်အထက် လူငယ် ခုနစ်သန်းကျော် ဆေးရွက်ကြီး နေ့စဉ် သုံးစွဲနေကြပြီး ဆေးရွက်ကြီးနှင့် ဆက်နွှယ်သည့်ရောဂါဖြင့် နှစ်စဉ် ငါးသောင်းကျော် သေဆုံးနေ
24htopnews | January 21, 2025 9:12 PM CST

မြန်မာနိုင်ငံတွင် အသက်၁၅ နှစ်နှင့်အထက် လူငယ် ခုနစ်သန်းကျော်သည် ဆေးရွက်ကြီးကို နေ့စဉ်နေ့တိုင်း သုံးစွဲနေကြပြီး ဆေးရွက်ကြီးနှင့် ဆက်နွှယ်သည့် ရောဂါဖြင့် နှစ်စဉ်နှစ်တိုင်း လူဦးရေ ငါးသောင်းကျော် သေဆုံးနေရကြောင်း အောက်တိုဘာ ၈ ရက်က ရန်ကုန်မြို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတွင် ပြုလုပ်သည့် “ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာမှတဆင့် လူထုလှုံ့ဆော်လှုပ်ရှားပွဲ”မှ သိရသည်။

ယင်းသေဆုံးမှုတွင် အမျိုးသားများ၏ သေဆုံးမှုများထဲတွင် ၁၃ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁၂ ရာခိုင်နှုန်းတို့သည် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် သေဆုံးကြရပြီး ယင်းကိန်းဂဏန်းသည် အခြားဝင်ငွေနည်းပါးသော နိုင်ငံ၏ သေနှုန်းထက် ပိုမိုသောပမာဏ ဖြစ်ကြောင်း သိရသည်။

“ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးမှုတွေကို လျှော့ချဖို့ လုပ်နေပေမယ့်လည်း ကျွန်တော်တို့နိုင်ငံမှာ ထင်သလောက် ဖြစ်မလာသေးဘူး။ လူငယ်တွေက ဒါတွေကို စမ်းသပ်ရင်းနဲ့ တဖြည်းဖြည်း စွဲလာကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာဆိုရင် အသက် ၁၅ နှင့်အထက် လူငယ် ခုနစ်သန်းကျော်လောက်က ဆေးရွက်ကြီးကို နေ့စဉ်သုံးစွဲနေပြီးတော့ အဲဒီဆေးရွက်ကြီးနဲ့ ဆက်နွှယ်တဲ့ရောဂါနဲ့ပဲ နှစ်စဉ် ငါးသောင်းကျော် သေဆုံးနေတယ်”ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီး ထိန်းချုပ်ရေးလုပ်ငန်းများကို ၂၀၀၆ ခုနှစ်တွင် ဥပဒေပြဋ္ဌာန်းပြီး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လာခဲ့သော်လည်း ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုမှာ ထင်သလောက် လျော့နည်း ကျဆင်းလာခြင်းမရှိဘဲ လူငယ်များအတွင်း ပိုမိုသုံးစွဲသည့် အနေအထားများကို တွေ့ရှိရကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အရွယ်ရောက်ပြီးသူများ အသက်၁၅ နှစ်နှင့်အထက် အမျိုးသား ၄၃ ဒသမ ၈ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၈ ဒသမ ၄ ရာခိုင်နှုန်းတို့သည် ဆေးရွက်ကြီး သုံးစွဲသူများဖြစ်ကြောင်းနှင့် အမျိုးသား ၆၂ ဒသမ ၂ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၄ ဒသမ ၁ ရာခိုင်နှုန်းသည် ဆေးရွက်ကြီးပစ္စည်းများ သုံးစွဲခြင်း၊ ကွမ်းယာစားခြင်း ပြုလုပ်ကြောင်း၊၂၀၁၆ ခုနှစ် စာရင်းများအရ အသက်ငယ်ရွယ်သူ လူငယ်များ အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြားရှိသူများ ယောကျ်ားလေး ၂၁ ရာခိုင်နှုန်းနှင့် မိန်းကလေး နှစ်ရာခိုင်နှုန်းတို့သည် ဆေးလိပ်သောက်သုံးပြီး ယောကျ်ားလေး ၁၁ ရာခိုင်နှုန်းနှင့် မိန်းကလေး နှစ်ရာခိုင်နှုန်းတို့သည် ကွမ်းယာစားကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင် အာရှဒေသတွင် ဆေးလိပ်သောက်သုံးသူပေါင်း ၂၄၆ သန်းခန့်ရှိပြီး ဆေးရွက်ကြီးထွက် ပစ္စည်းများသုံးစွဲခြင်း ကွယ်းယာစားခြင်း ပြုလုပ်သူပေါင်း သန်း ၂၉၀ ရှိကြောင်း သိရသည်။

ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း လူသားပေါင်း ခုနစ်သန်းကျော် သေဆုံးနေပြီး ဆေးရွက်ကြီး သုံးစွဲခြင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးပစ္စည်းများ သောက်သုံးခြင်းကြောင့် လူသားပေါင်း ခြောက်သန်းကျော် တိုက်ရိုက် ဆက်နွယ် သေကြရပြီး ကျန်တစ်သန်းခန့်သည် တိုက်ရိုက် မဟုတ်သော ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့် သေကြရာ ဆေးလိပ် သောက်သုံးသူများ၏ လူဦးရေ ထက်ဝက်ကျော်မှာ စီးကရက် အမြဲသောက်ခြင်းကြောင့် သေဆုံးကြရခြင်း ဖြစ်ကြောင်း သိရသည်။

ဆေးရွက်ကြီး သုံးစွဲမှု ပျံ့နှံ့နေခြင်းကို ရပ်ဆိုင်းရန် မလုပ်ဆောင်ပါက ၂၀၃၀ ပြည့်နှစ် အရောက်တွင် သေဆုံးသူဦးရေမှာ ၈ ဒသမ ၃သန်းအထိ ရှိလာမည်ဖြစ်ပြီး သေဆုံးဦးရေ၏ ရာခိုင်နှုန်း ၈၀ ကျော်သည် ဝင်ငွေ နည်းပါး (သို့မဟုတ်) အသင့်အတင့်ရှိသော နိုင်ငံများတွင် ရှိနေကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသုံးစွဲမှုနှင့် ကွမ်းယာစားသုံးခြင်းထိန်းချုပ်မှု လုပ်ငန်းများကိုလည်း အဓိကဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK