
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင်အတွင်းရှိ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) ၏ ဆေးဆိုးလုပ်ငန်းအား ဂျပန်နိုင်ငံ Tsuyatomo ကုမ္ပဏီဖြင့် MoU ထိုးထားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိပါက တိုယိုတာကားကုမ္ပဏီသို့ ကူရှင်များ တင်ပို့သွားမည်ဖြစ်ကြောင်း ယင်းစက်ရုံမှ သိရသည်။
အဆိုပါ ဆေးဆိုးလုပ်ငန်းအား ပူးပေါင်း လုပ်ဆောင်နိုင်ရန်အတွက် ၂၀၁၇ ခုနှစ် ဧပြီ ၂၅ ရက်က ဂျပန်နိုင်ငံ Tsuyatomo ကုမ္ပဏီဖြင့် MoU တစ်နှစ်ထိုးထားခဲ့ပြီး နောက်ထပ်ခြောက်လသက်တမ်းကို ၂၀၁၈ ခုနှစ် ဧပြီ ၄ ရက်က ထပ်မံလက်မှတ်ရေးထိုးခဲ့ကာ အောက်တိုဘာလဆန်းပိုင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အစီရင်ခံတင်ပြထားဖြစ်ကာ ခွင့်ပြုချက်ချလာပါက လုပ်ငန်းများကို စတင်သွားမည်ဖြစ်ကြောင်း သိရသည်။
“သူတို့ကတော့ လုပ်မယ့်လုပ်ငန်းစဉ်တွေကို လာလေ့လာတယ်။ သူတို့စက်တွေ ထားမယ့်နေရာကို လာကြည့်တယ်။ ပိုက်လိုင်းတွေ လျှပ်စစ်လိုင်းတွေ သွယ်တန်းနိုင်မယ့် အခြေအနေတွေ နောက်ထုတ်ကုန်၊ ကုန်ကြမ်းထားမယ့် နေရာတွေကို လာလေ့လာတယ်။ အားလုံးအဆင်သင့်ဖြစ်နေပြီ။ အဓိကကတော့ နိုင်ငံတော် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကနေ ခွင့်ပြုလိုက်ပြီဆိုပါက သူတို့ဆီက ဆေးဆိုးစက်တွေကို တင်သွင်းပြီး ထုတ်လုပ်မှုကို စတင်မှာဖြစ်ပါတယ်။ သူတို့က တိုယိုတာကား ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့အတွက် အဓိကတော့ ကားကူရှင်တွေ ထုတ်လုပ်မယ်။ ဆေးဆိုးမယ်ပေါ့။ ကူးကူရှင်တွေ မီးမလောင်အောင်၊ မီးမဆွဲအောင် အချောကိုင်ပြီးရင် တိုယိုတာကို တင်ပို့မယ်။ စျေးကွက်ကတော့ ရှိပြီးသားပါ။ သူတို့ဆီက နည်းပညာမြင့်တဲ့ စက်တွေနဲ့ ဆေးဆိုးပြီး တင်ပို့မှာပါ” ဟု အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) စက်ရုံမှူး ဦးရွှေကိုက ပြောကြားသည်။
ပူးပေါင်းဆောင်ရွက်မည့် ဆေးဆိုးလုပ်ငန်းများ စတင်ချိန်တွင် အဆင်သင့်ဖြစ်စေရန်အတွက် မြန်မာနိုင်ငံအထည်ချုပ်စက်ရုံများရှိ ဝန်ထမ်း ၄၀ နီးပါးကို Tsuyatomo ကုမ္ပဏီနှင့် JICA တို့ ပူးပေါင်းကာ Japanese Business Management Methodology သင်တန်းကို ပထမအကြိမ်အဖြစ် စက်တင်ဘာ ၆၊ ၇ ရက်တို့က ပို့ချခဲ့ပြီး ဒုတိယအကြိမ် သင်တန်းကို အောက်တိုဘာ ၈၊ ၉ ရက်များက ပို့ချခဲ့ကာ သင်ကြားမှုများအဖြစ် ဂျပန်နိုင်ငံ ဆေးဆိုးခြင်း၊ အချောကိုင်ခြင်း နည်းပညာနှင့် စီမံခန့်ခွဲမှုနည်းလမ်းများအား ပို့ချခဲ့ကြောင်း သိရသည်။
“ကျွန်မတို့နဲ့ သူတို့နဲ့က အများကြီး ကွာခြားတယ်။ ကွာခြားတယ်ဆိုတာက ကျွန်မတို့မှာ အားနည်းချက်တွေ အများကြီးရှိတယ်။ လုံခြုံရေးပိုင်းတွေ အများကြီး ကွာခြားတယ်။ နောက်အစီအစဉ်တွေ ရေးဆွဲတာ သူတို့ဆီမှာ လုပ်ငန်းကို အဆက်မပြတ်လုပ်မယ်။ တောက်လျှောက်တိုးတက်မှုတွေဖြစ်အောင် လုပ်မယ်ဆိုတဲ့ သူတို့ရဲ့ အစီအစဉ်လေးရှိတယ်။ ကျွန်မတို့ဆီမှာက အဲဒီဟာကို လိုက်နိုင်ဖို့ အားနည်းတယ်။ သူတို့ဆီမှာက အစီအစဉ်ဆွဲမယ်၊ လုပ်မယ်၊ စောင့်ကြည့်ပြန်လည် သုံးသပ်မယ်။ ပြီးရင် အက်ရှင်လုပ်တယ်။ ကျွန်မတို့ဆီမှာက အစီအစဉ်ဆွဲတယ်၊ လုပ်တယ်။ အစီအစဉ်နဲ့ လုပ်တာနဲ့ ကွဲလွဲမှုတွေ ရှိခဲ့တယ်။ စောင့်ကြည့်မှု အားနည်းတယ်။ အက်ရှင်လည်း အားနည်းတယ်။ ဒီဟာလေးကိုသာ သေချာလုပ်နိုင်ခဲ့ရင် သူတို့နဲ့ ကျွန်မတို့ကွာခြားချက်က အများကြီးရှိတော့မှာ မဟုတ်ပါဘူး” ဟု ကုန်ထုတ်၊ အလုပ်ရုံမှူး ဒေါ်ဆွေဆွေဝင်းက ပြောကြားသည်။
ယင်းပူးပေါင်းရင်းနှီးမြှုပ်နှံမှုကို ဂျပန်နိုင်ငံ Tsuyatomo ကုမ္ပဏီက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံမှ ရာခိုင်နှုန်း ၄၀ မြှုပ်နှံရမည်ဖြစ်ပြီး ရရှိလာမည့် အကျိုးအမြတ်ကိုလည်း အဆိုပါ ရာခိုင်နှုန်းအတိုင်းသာ ခွဲဝေမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) တွင် ဝန်ထမ်းပေါင်း ၁၃၂၈ ဦး ရှိပြီး ဆေးဆိုးနှင့် အချောကိုင်ဌာနတွင် ဝန်ထမ်း ၁၇၅ ဦးရှိကြောင်း၊ စက်ရုံထုတ်ကုန် ပစ္စည်းများအနေဖြင့် နိုင်ငံတော်ဌာနဆိုင်ရာများ၏ ဝတ်စုံများ၊ သက္ကန်းများ၊ အခြားအထည်အလိပ်နှင့် အိပ်ရာအသုံးအဆောင် အထည်များ၊ ထုတ်လုပ်ကာ ၁၉၈၀ ပြည့်နှစ်က တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ စတင်တည်ဆောက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် စတင်လည်ပတ် ထုတ်လုပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်