Top News

ချင်းတွင်းမြစ်အတွင်း မုံရွာ-ခန္တီးခရီးစဉ် ပြေးဆွဲနေသည့် ခရီးသည်ရေယာဉ်များအားလုံး Upper Room တွင် ခရီးသည်များတင်ဆောင်၍ ခရီးစဉ်ပြေးဆွဲခြင်းမပြုရန် သက်ဆိုင်ရာက စာထုတ်ကာ သတိပေးတားမြစ်
24htopnews | January 21, 2025 9:12 PM CST

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်အတွင်း မုံရွာ-ခန္တီး ခရီးစဉ်ပြေးဆွဲနေသည့် ခရီးသည်ရေယာဉ်များအားလုံး Upper Room တွင် ခရီးသည်များ တင်ဆောင်၍ ခရီးစဉ်ပြေးဆွဲခြင်း မပြုရန်အတွက် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်နှင့် တိုင်းဒေသကြီးရုံးများဌာနခွဲ အထက်မြန်မာပြည် မန္တလေးညွှန်ကြားရေးမှူး ဦးဖုန်းမိုက စာထုတ်ကာ သတိပေး တားမြစ်လိုက်ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် ရက်စွဲဖြင့် ချင်းတွင်းမြစ်အတွင်း မုံရွာ-ခန္တီး ခရီးစဉ်ပြေးဆွဲနေသည့် ခရီးသည်ရေယာဉ်များအားလုံး Upper Room တွင် ခရီးသည်များ တင်ဆောင်ပြီး ခရီးစဉ်ပြေးဆွဲခြင်းမပြုရန် စာထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ထားသည့်အတိုင်း လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားကြောင်း သိရသည်။

“ဟုတ်တယ်။ ကျွန်တော့်ဆီ စာရောက်တယ်။ သီးသန့်အခန်းတွေဟာ သတ်မှတ်ထားတာနဲ့ မညီတဲ့အတွက် သူက ဖျက်ပေးဖို့ ပြောတာလေ။ ဒီနေ့ပဲ ကျွန်တော့်ဆီကို နေ့လယ်က စာရောက်လာတယ်။ ရောက်လာတဲ့စာကိုဖတ်ပြီးတော့ သက်ဆိုင်ရာကို ထပ်ပြီးတော့ ညွှန်ကြားလိုက်တယ်။ အပေါ်ထပ် အခန်းတွေအစား ကုန်းပတ်လမ်းနားမှာ အခန်းတွေဖွဲ့ရမှာ။ အခုအခန်းတွေက အန္တရာယ်ရှိတယ်လေ။ အောင်စိုးမိုးကျော် အမြန်ရေယာဉ်နစ်တုန်းကလည်း အဲဒီအခန်းတွေထဲကပဲ သေကြတာ များပါတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားသည်။

ရေယာဉ်များတွင် ခွင့်ပြုမထားသော အဆင့်မြင့် Upper Room (ခရီးသည်တင်ခန်း) များအား ပြန်လည်တပ်ဆင်ထားပြီး ခရီးသည်များ တင်ဆောင်ကာ ခရီးစဉ်ထွက်ခွာရန် ပြင်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ရေးသား ဖော်ပြထားသည်။

ထို့ပြင် အဆိုပါနေရာများ၌ သီးသန့်လိုက်ပါလိုသော ခရီးသည်များ၊ သံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ ကိုယ်ဝန်ဆောင်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အဆင်ပြေစွာ လိုက်ပါနိုင်ရန်အတွက် ပင်မကုန်းပတ် (သို့မဟုတ်) လှိုင်းကာအမြင့်၌ အခင်းခင်း၍ သီးသန့်အခန်း (သို့မဟုတ်) Hall ခန်း တပ်ဆင်ရန် ရေယာဉ် တစ်စင်းချင်းအလိုက် တည်ငြိမ်မှု တွက်ချက်ရရှိမှုအပေါ် မူတည်ကာ ခွင့်ပြုထားသည်။

ရေယာဉ်ဘေးအန္တရာယ် ကင်းရှင်းလုံခြုံမှုဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်နှင့် ပြန်လည်တပ်ဆင်ထားသော Upper Room တွင် ခရီးသည်များ တင်ဆောင်၍ ခရီးစဉ်ပြေးဆွဲခြင်း မပြုရန်နှင့် ယင်းကိစ္စအား လိုက်နာမှုမရှိကြောင်း တွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။                  


READ NEXT
Cancel OK