Top News

အင်းလေးထွက် ခရမ်းချဉ်သီးများ စျေးနှုန်းကျဆင်းနေသဖြင့် တောင်သူများ အရှုံးပေါ်နေဟုဆို
24htopnews | January 21, 2025 9:12 PM CST

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးထွက် ခရမ်းချဉ်သီးများ ယခုနှစ်ရာသီတွင် စျေးနှုန်းဆက်တိုက် ကျဆင်းနေသဖြင့် တောင်သူများ ဝက်ဝက်ကွဲ အရှုံးပေါ်နေသည်ဟု စိုက်တောင်သူများထံမှ သတင်းရရှိသည်။

ရှမ်းပြည်နယ် နေရာအနှံ့တွင်သာမက မြေပြန့်ဒေသများတွင်ပါ ခရမ်းချဉ်သီးများ စိုက်ပျိုးလာကြသဖြင့် အသီးလှိုင်လှိုင်ပေါများချိန် စျေးနှုန်းကျဆင်းရခြင်းဖြစ်ကြောင်း၊ ယခုနှစ်သည် အဆိုးရွားဆုံးနှစ်တစ်နှစ်ဖြစ်ပြီး စိုက်တောင်သူများနှင့် ပွဲရုံများ အရှုံးပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ယခုအခါ ညောင်ရွှေမြို့နယ်တွင် ကြံနှင့် ပြောင်းဖူးတို့ကို စိုက်ပျိုးခြင်းမရှိဘဲ ယခုနှစ်တွင် ကုန်းပေါ်တွင် ခရမ်းချဉ်သီးများ စိုက်ပျိုးလာကြသဖြင့် အထွက်များလာခြင်း ဖြစ်ကြောင်း၊ ထို့ပြင် ပအိုဝ်းဒေသများတွင်လည်း ခရမ်းချဉ်သီးများ စိုက်ပျိုးကြသဖြင့် အထွက်နှုန်းများပြားခြင်းကြောင့် စျေးနှုန်း ကျဆင်းရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ယခုနှစ်သည် ခရမ်းချဉ်သီးစိုက်ပျိုးသူတိုင်း အရှုံးများသောနှစ်ဖြစ်ကြောင်း၊ ယခင်က တစ်တင်းလျှင် ကျပ် ၃၀၀၀၀ အထိ စျေးရှိရာမှ ယခုအခါ တစ်တင်း ကျပ် ၄၀၀၀ မှ ၈၀၀၀ အထိ စျေးကျဆင်းခဲ့ရသဖြင့် လေးချိုးတစ်ချိုး စျေးကျခြင်းဖြစ်ကြောင်း၊ အခြားကုန်ပစ္စည်းများစျေးနှုန်း ကြီးမြင့်နေသော်လည်း ကုန်စိမ်းစျေးနှုန်း ကျဆင်းနေသဖြင့် အခက်အခဲများစွာဖြစ်ရကြောင်း၊ စိုက်တောင်သူများသည် တစ်နှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးခြင်းဖြစ်ပြီး အရင်းတစ်ကြိမ်ရှုံးသွားလျှင် ပြန်စိုက်စရာ ငွေအရင်းအနှီး မရှိသဖြင့် ရွှေရောင်း၊ ခြံရောင်းသူများလည်းရှိကြောင်း အင်းလေး ကေလာရွာတွင် ခရမ်းချဉ်ကျွန်းမျှောစိုက် တောင်သူများက ပြောကြားသည်။

“ဒီနှစ်တော်တော်ရှုံးတယ်။ ကျွန်မဆိုရင် အလန် ၈၀၀ လောက် စိုက်ထားတယ်။ အလန် ၁၀၀ ဆိုရင် နှစ်သိန်းလောက် ရှုံးတယ်။ အခု တစ်တင်းကို ၄၀၀၀၊ ၅၀၀၀ ပဲ ရှိတယ်။ အရင်က ၁၀၀၀၀၊ ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ ရောင်းရတယ်။ အခုက စျေးကျတယ်။ အရင်းထဲက ရှုံးတယ်။ ၁၃၀၀၀ ရောင်းမှ အရင်းပြန်ရမယ်” ဟု အင်းလေးကေလာရွာမှ စိုက်တောင်သူ မသန္တာဝင်းက ပြောကြားသည်။

ညောင်ရွှေမြို့တွင် တစ်ရက်လျှင် ခရမ်းချဉ်သီး ပိဿာချိန်ပေါင်း တစ်သိန်းခြောက်သောင်းကျော် ထွက်ရှိကာ အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်သို့ ခရမ်းချဉ်သီးသေတ္တာပေါင်း ၃၇၆၉၊ မန္တလေးသို့ သေတ္တာပေါင်း ၄၆၅၀ တင်ပို့ခဲ့ပြီး ခရမ်းချဉ်သီး တစ်သေတ္တာလျှင် ကုန်ချိန် ၁၉ ပိဿာရှိကြောင်း၊ ရှေ့ရက်များတွင် သေတ္တာပေါင်း ၉၀၀၀ ကျော် တင်ပို့နိုင်ခဲ့သဖြင့် ကုန်ချိန် တစ်သိန်းရှစ်သောင်းကျော် ထွက်ရှိခြင်းဖြစ်ကြောင်း စာရင်းပြုစုထားသူ အောင်မြန်မာ- ဂိတ် ခရမ်းချဉ်သီးပွဲရုံမှ သိရသည်။

“အခုက အချိန် ၃၀ ပါတဲ့ တစ်တင်းကို ကျပ် ၈၀၀၀။ အရင်က တစ်တင်းကို သုံး၊ လေးသောင်းအထိ ရှိတယ်။ အထွက်နှုန်းများနေလို့ နေရာတကာ ထွက်နေတော့ တရုတ်နိုင်ငံကလည်း ဝင်တယ်။ အကုန်လုံးကလည်း ဝင်နေတော့ ခရမ်းချဉ်သီး စျေးကျတယ်။ ဒီနှစ်တော့ စျေးလုံးဝမကောင်းလို့ ပွဲစားတွေ အားလုံးအရှုံးပေါ်ကြတယ်။ အစိမ်းသီးကို တစ်တင်း တစ်သောင်းကျော်လောက် ပေးဝယ်ပြီး အမှည့်စျေးရောင်းတော့ အရှုံးပေါ်ပြီ။ အလေအလွင့်တွေ ပုပ်တာတွေကလည်း မနည်းဘူး။ လုပ်အားခတွေနဲ့ ပြန်တွက်ရင် ပွဲစားတွေ အများကြီးရှုံးတယ်။ ပုပ်တာကိုလည်း ပိုက်ဆံပေးပြီး စွန့်ပစ်ရတယ်” ဟု အောင်မြန်မာ-ဂိတ် ခရမ်းချဉ်သီးပွဲရုံမှ ကျော်စွာမိုးက ပြောကြားသည်။  


READ NEXT
Cancel OK