Top News

ပန်းတနော်မြို့တွင် ကလေးငယ်ကို အဆိပ်ကျွေးသတ်ပြီး ရွှေနားကပ်ဖြုတ်ယူခဲ့သည့် အမျိုးသမီးအား ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်
24htopnews | December 24, 2024 8:12 PM CST

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် ရေပေါ်ကြီးကျေးရွာအုပ်စု သောင်ကဇင်းတောကျေးရွာတွင် ရှစ်နှစ်အရွယ် ကလေးငယ်အား အဆိပ်ခတ်သတ်ပြီး ရွှေနားကပ်ဖြုတ်ယူခဲ့သည့် အမျိုးသမီးအား  ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ပုဒ်မ ၃၉၂ တို့ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဇွန် ၁၉ ရက်က အဆိပ်ကျွေးအသတ်ခံရသူ တွယ်တာဦး (ခ) မိကောက်မှာ ဆွေမျိုးနီးစပ်တော်စပ်သူ ရွယ်တူကလေးငယ်များနှင့် ဆော့နေစဉ် မိုးရွာ၍ လူစုကွဲသွားသော်လည်း အိမ်ပြန်မရောက်လာသောကြောင့် လိုက်လံရှာဖွေခဲ့ရာ ကွမ်းခြံအဟောင်းထဲတွင် ပါးစပ်မှ သွေးများထွက်ကာ သေဆုံးလျက်ရှိကြောင်း တွေ့ရှိရပြီး ဝတ်ဆင်ပေးထားသည့် ရွှေနားကပ် (ရွှေအလေးချိန်လေးပဲခန့် ကာလပေါက်စျေး  ကျပ် ၁၅၀၀၀၀ တန်ဖိုးရှိ) ပျေက်ဆုံးနေ၍ မိခင်ဖြစ်သူ ဒေါ်မော်မော်စန်းက တရားလိုပြုကာ ပန်းတနော်မြို့မရဲစခန်းတွင် တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဒီအမှုမှာ သံသယရှိတဲ့သူကို စစ်ဆေးတယ်။ ညတွင်းချင်းပဲ အမှုပေါ်ပေါက်တယ်။ သက်သေခံနားကပ်ကို သူ့အိမ်က ဓာတ်ပုံအနောက်မှာ သိမ်းထားတာ ထွက်ဆိုတဲ့အတွက် သက်သေခံပစ္စည်းနဲ့အတူ ဖမ်းဆီးအရေးယူခဲ့ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးထွန်းရွှေက ပြောကြားသည်။

ပြစ်မှူကျူးလွန်သူ မသင်းသင်းဝေ (၂၈ နှစ်) မှာ ကလေးငယ်အား ငရုတ်သီးခူးရန် ခေါ်ဆောင်သွားပြီး  ကွမ်းခြံအဟောင်းသို့ ရောက်စဉ် သကြားလုံးစားမလားမေးပြီး အသင့်ပြင်ဆင်ထားသည့် သကြားလုံးပုံစံ ပိုတက် (ပိုးသတ်ဆေး) အား ကျွေးခဲ့ရာ ကလေးငယ်က ထွေးထုတ်ခဲ့သော်လည်း ယိမ်းယိုင်ကာလဲကျသွားစဉ် ရွှေနားကပ်အား ဖြုတ်ယူခဲ့ကြောင်း ပန်းတနော်မြို့မစခန်းတွင် ကနဦးထွက်ဆိုချက်များအရ သိရသည်။

အဆိုပါအမှုအား ပန်းတနော်မြို့နယ် တရားရုံးသို့တင်ပို့ခဲ့ပြီး တရားရုံးရာထွေမှုအမှတ် ၄၅/၂၀၂၀ ဖြင့် လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK