Top News

မူလမြိုင်ကြီးငူဆရာတော် ပျံလွန်တော်မူခြင်း ခြောက်နှစ်ပြည့် အောက်မေ့ဖွယ် နှစ်ပတ်လည်အထိမ်းအမှတ်ပွဲ မြိုင်ကြီးငူအထူးဒေသတွင် ကျင်းပ
24htopnews | December 24, 2024 8:12 PM CST

ကရင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ရေး အတွက် အဓိကဆောင်ရွက်ခဲ့သော မူလမြိုင်ကြီးငူဆရာတော်အား ရည်စူးပြုလုပ်သည့် ခြောက်နှစ်ပြည့်အောက်မေ့ဖွယ် နှစ်ပတ်လည်နေ့ကို လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ၊ မြိုင်ကြီးငူဘုန်းတော်ကြီးကျောင်းတွင် ဒီဇင်ဘာ  ၂၃ ရက်က ပြုလုပ်ခဲ့ရာ ကရင်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များနှင့် ကရင်တိုင်းရင်းသူ တိုင်းရင်းသားများ သောင်းနှင့်ချီ၍ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ဖြစ်ပွားခဲ့သော စစ်မီးကြောင့် မငြိမ်းချမ်းခဲ့သော ကရင်ပြည်နယ်ကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ရောက်အောင်ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့သည့်အတွက် ဒေသ တွင်းနေထိုင်သူများက ဆရာတော်အား အောက်မေ့တသဖြစ်နေဆဲဖြစ်သည်ဟု သိရသည်။

မြိုင်ကြီဆရာတော် ပျံလွန်တော်မူခြင်းခြောက်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားသို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှအကြီးအကဲများ၊ DKBA တပ်ဖွဲ့မှ အကြီးအကဲများ၊ ကရင်အမျိုးသားအစည်းအရုံး KNU မှ အကြီးအကဲများ၊ ငြိမ်းချမ်းရေးကောင်စီ KNU/KNLA(pc) မှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

မြိုင်ကြီးငူဆရာတော် ပျံလွန်တော်မူခြင်း ခြောက်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်လာသူ နယ်ခြင်းစောင့်တပ် BGF တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးစောတင်ဝင်းက “ဆရာတော်ဘုရားကြီးဟာ မငြိမ်း ချမ်းသော ကရင်ပြည်နယ်ကို ငြိမ်းချမ်းအောင် ဆောင်ရွက်ပေးခဲ့သည့်အတွက် ယနေ့ကျရောက်သည့် ခြောက်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါတယ်။နောင်မှာလည်း ဆရာတော်မျှော်မှန်းထားခဲ့တဲ့ ပြည်နယ်တစ်ခုလုံး ငြိမ်းချမ်းမှု၊တိုးတက်မှုအတွက် ဆက်လက်လုပ်ဆောင်သွားပါမယ်”ဟု ပြောကြားသည်။

ပွဲတော်သို့ တက်ရောက်လာသူ မြိုင်ကြီးငူဒေသတွင်နေထိုင်သည့် ကရင်တိုင်းရင်းသားတစ်ဦးက “နယ်မြေဒေသ မငြိမ်းချမ်းတော့ စစ်ပွဲတွေဖြစ်တယ်။ စစ်ပွဲတွေဖြစ်တော့ လူတွေ ဥဒဟိုရောက်ရာပေါက်ရာ ထွက်ပြေး လွှားရှောင်ရှားကြရတယ်။ ဆရာတော်က ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ခဲ့တော့ ဒေသဖွံ့ ဖြိုးတိုးတက်မှုတွေရှိလာခဲ့တယ်။ ဒါကြောင့်မို့ ဆရာတော်ရဲ့ အောက်မေ့ဖွယ်ပွဲတော်ကို တက် ရောက်လာရခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

ဆရာတော်၏ ကောင်းမှုပြုကုသိုလ်တော် အစီအစဉ်များနှင့်အတူ ကြည့်ချင်ပွဲများကိုလည်း မြိုင်ကြီးငူအထူးဒေသတွင် ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 


READ NEXT
Cancel OK