Top News

မြန်မာ ယူ-၁၅ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် ဦးမင်းသူကို MFF ခန့်အပ်
24htopnews | December 24, 2024 4:12 PM CST

ဦးမင်းသူသည် သြဂုတ် ၇ ရက် ညနေပိုင်းတွင် မြန်မာ ယူ-၁၅ အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် မန္တလေးမြို့၌ ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ရာထူးမှ နုတ်ထွက်သွားသည့် မြန်မာ ယူ-၁၅ အမျိုးသားအသင်းနည်းပြချုပ် ဂျာမနီနိုင်ငံသား တော်စတန်ဖရန့်ခ်၏နေရာတွင် ဦးမင်းသူကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

ဂျာမနီနိုင်ငံသားနည်းပြ တော်စတန်ဖရန့်ခ်သည် ဇူလိုင် တတိယပတ်မှ မြန်မာ ယူ-၁၅ အမျိုးသားအသင်းနည်းပြချုပ်အဖြစ် ခန့်အပ်ခံရသော်လည်း ပထမဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံ ယူ-၁၅ ချန်ပီယံရှစ်ပြိုင်ပွဲတွင် အောင်မြင်မှုမရဘဲ အုပ်စုအဆင့်မှထွက်ခဲ့ရသောကြောင့် ပြိုင်ပွဲအပြီးတွင် ရာထူးမှနုတ်ထွက်ကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် MFF သည် ရှမ်းယူနိုက်တက်လူငယ် အသင်းများကို အောင်မြင်မှုများ ရယူပေးခဲ့သည့် နည်းပြချုပ် ဦးမင်းသူနှင့်ညှိနှိုင်းရာ သဘောတူညီမှုရရှိသောကြောင့် သြဂုတ် ၇ ရက် တွင် အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ 

ဦးမင်းသူသည် သြဂုတ် ၇ ရက် ညနေပိုင်းတွင် မြန်မာ ယူ-၁၅ အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် မန္တလေးမြို့၌ ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဦးမင်းသူက "ကျွန်တော့်ကို တာဝန်ပေးထားတာက စက်တင်ဘာမှာကျင်းပမယ့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲဖြစ်ပြီး လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲက ကျွန်တော် ပထမဆုံးကိုင်တွယ်ရမယ့်ပြိုင်ပွဲဖြစ်ပါတယ်။ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအတွက် ကျွန်တော် ပြင်ဆင်ချိန် အများကြီးမရပါဘူး။ တစ်ပတ်ပဲရှိတဲ့အတွက် အသင်းကို အများကြီး ပြင်ဆင်လို့မရပါဘူး။ ကစားသမားတွေအကြောင်းကို လေ့လာပြီး အားနည်းချက်တွေကို ပြင်ဆင်ပေးသွားမှာပါ။ အထူးသဖြင့် ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို အဓိကမြှင့်တင်ပေးမှာပါ။ ကစားသမားတွေက ၁၅ နှစ်အောက်ဖြစ်ပြီး ငယ်ရွယ်တဲ့သူတွေပါ။ အဲဒါကြောင့်  ဖိအားမပေးဘဲ သူတို့မှာရှိတဲ့ အရည်အသွေးတွေအားလုံး ထုတ်သုံးနိုင်အောင် လုပ်ပေးသွားမှာပါ။ အာရှခြေစစ်ပွဲအတွက် ပြင်ဆင်မှုတွေကို လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအပြီးမှာ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာပါ"ဟု ပြောကြားခဲ့သည်။

ဦးမင်းသူနှင့်အတူ မြန်မာ ယူ-၁၅ အမျိုးသားအသင်းတွင် အုပ်ချုပ်သူအဖြစ် ဦးညီညီလတ်၊ လက်ထောက်နည်းပြအဖြစ် ဦး တင်မောင်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးဇော်လင်းအောင်တို့က တာဝန်ယူဆောင်ရွက်မည်ဖြစ်သည်။ မြန်မာ ယူ-၁၅ အသင်း နည်းပြချုပ်သစ် ဦးမင်းသူသည် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် သြဂုတ် ၁၄ ရက်မှ ၁၈ ရက်အထိ မန္တလေးမြို့၌ကျင်းပမည့် လေးနိုင်ငံဖိတ် ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာအပါအဝင် မွန်တီနီဂရိုး၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားအသင်းတို့ ပါဝင်မည်ဖြစ်သည်။


READ NEXT
Cancel OK