Top News

မင်္ဂလာတောင်ညွန့် မြို့နယ်၊ သိမ်ဖြူခုံးတံတားအောက် ရထားသံလမ်းဘေးတွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသား နှစ်ဦးကို သုံးလ အကြာတွင် ဖမ်းဆီးရမိ
24htopnews | December 24, 2024 10:12 AM CST

မင်္ဂလာတောင်ညွန့်မြို့နယ်၊သိမ်ဖြူခုံးတံတားအောက် ရထားသံလမ်းဘေးတွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားနှစ်ဦးကို ၃ လ အကြာတွင် ဖမ်းဆီးရမိကြောင်း နိုဝင်ဘာ ၂၄ ရက် တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာသည်။

ဖြစ်စဉ်မှာ ၂၀၁၉ခုနှစ် ဩဂုတ်လ ၂၁ ရက်  နံနက် ၇ နာရီခွဲ အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူမီးရထားရပ်ကွက်၊ သိမ်ဖြူ ခုံးတံတားအောက်၊ ရထားသံလမ်းဘေးတွင် ကလေးအလောင်းတစ်လောင်းအား မြွေရေခွံအိတ်ဖြင့် ထည့်လျက် စွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း သတင်းအရ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာ သိမ်ဖြူခုံးတံတားအောက် ပုဇွန်တောင်ဘူတာနှင့် ရန်ကုန်ဘူတာကြီး အကြား ရထားသံလမ်း မိုင်တိုင်(၀၁-၀၂) အမှတ်(၁) ရထားသံလမ်းဘေး နှင့် တံတားအောက်ခြေ အုတ်ဘောင်ကြားတွင် အသက်(၈)နှစ်ခန့်ရှိ မိန်းကလေးအလောင်းအား မြွေရေခွံအိတ် အဖြူ ရောင်နှင့် ထုပ်ပိုးလျက် (လောက်အနည်းငယ်ရှိ)၊ ယာချိုစောင်းဖူးရောင် ဒဏ်ရာများဖြင့် အဝတ်အစားများမပါဘဲ သေဆုံးနေသည်ကို တွေ့ရှိရပြီး သေဆုံးသူမှာ မ------- ဖြစ်ကာ ဖခင်ဖြစ်သူနှင့်အတူ အောင်ဆန်း အားကစားကွင်းအနီးတွင် ပျံကျနေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရ၍ ပြုလုပ်သူအပေါ် စုံစမ်းဖော်ထုတ် အရေးယူပေးရန် တာဝန်မှူး ဒုရဲအုပ် ထွန်းထွန်းဦးမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် မင်္ဂလာတောင်ညွန့် မြို့မရဲစခန်း (ပ)၆၀၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ၏ လမ်းညွှန်ချက်အရ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစု၊ အုပ်ချုပ်မှု ဌာနခွဲ၊ အရှေ့ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုနှင့် မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ အခင်းဖြစ်ရပ်ပတ်ဝန်းကျင်အား အသေးစိတ်စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် စိုင်းဖုန်းကျော်(ခ) ပြည့်ဖြိုးပိုင်(ခ) သရဲ(ခ) ဖင်ကြီးမ ဖြစ်နိုင်ကြောင်း၊ ၎င်းမှာ အခင်းဖြစ် နေ့မှစ၍ ပျောက်နေကြောင်း စုံစမ်းသိရှိရသဖြင့် အခြားတိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ ၎င်းကို နိုဝင်ဘာ၂၀ ရက်နေ့ မွန်းလွဲ ၂နာရီ မိနစ်၅၀ အချိန် မွန်ပြည်နယ်ရဲတပ်ဖွဲ့၊ ကျိုက္ခမီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ကျိုက္ခမီမြို့ ၊ အောင်သုခ ရပ်ကွက်၊ ကျားဆိပ်မြောက်(၁)လမ်း အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ စိုင်းဖုန်းကျော်(ခ) ပြည့်ဖြိုးပိုင်(ခ)သရဲ(ခ)ဖင်ကြီးမအား အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းသည် ဩဂုတ်၁၉ ရက်နေ့ ည၁၁နာရီ မိနစ်၃ဝအချိန် ရန်ကုန်ဘူတာကြီးရှေ့၊ အောင်ဆန်းအားကစားကွင်း၊ "ရွှေ"ကားဂိတ်ရှေ့ရှိ ကွပ်ပစ်ပေါ်တွင် ဖခင်ဖြစ်သူနှင့်အတူ အိပ်နေသည့် သေဆုံးသူ မ------ အား ပွေ့ချီကာ သိမ်ဖြူခုံးတံတားအောက်သို့ သယ်ဆောင်ပြီး ထွန်းထွန်းဦး(ခ)ရှမ်းလေးနှင့်အတူ သားမယားအဖြစ် ပြုကျင့်စဉ် မ------ မှ အော်ဟစ်နေသဖြင့် လက်/ခဲ တို့ ဖြင့် ထိုးကြိတ် ထုရိုက်ကာ သားမယား အဖြစ် ဆက်လက်ပြုကျင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆာလာအိတ်အတွင်း ထည့်၍ သံလမ်းအနီးတွင် ချထားခဲ့ကြောင်း ထွက်ဆို စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ထွန်းထွန်းဦး (ခ)ရှမ်းလေး ကို လိုက်လံဖမ်းဆီးခဲ့ရာ နိုဝင်ဘာ၂၁ ရက်နေ့ မွန်းလွဲ၁နာရီ အချိန် ရန်ကုန်ဘူတာကြီးရှေ့၊ ပန်းဆိုးတန်းခုံးတံတားအောက်မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှု ကျူးလွန်သူ စိုင်းဖုန်းကျော်(ခ) ပြည့်ဖြိုးပိုင်(ခ)သရဲ(ခ)ဖင်ကြီးမနှင့် ထွန်းထွန်းဦး (ခ)ရှမ်းလေးတို့ (၂)ဦးအား ဥပဒေနှင့်အညီ အမြန် တရားစွဲ တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK