Top News

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို တတိယအကြိမ်ရုံးထုတ်ခဲ့ပြီး အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ တရားလို ဦးအေးဇော်အား ဦးစိုးထွန်းရှိန်၏ရှေ့နေက ပြန်လှန်စစ်မေး
24htopnews | December 24, 2024 10:12 AM CST

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို တတိယအကြိမ်ရုံးထုတ်ခဲ့ပြီး အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ တရားလိုဦးအေးဇော်ကို ဦးစိုးထွန်းရှိန်၏ရှေ့နေက ပြန်လှန်စစ်မေးခဲ့ကြောင်း သိရသည်။

မြန်မာ့သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က)ဖြင့် တရားစွဲဆိုခံထားရသည့် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို နိုဝင်ဘာ ၂၆ ရက် ရမည်းသင်းမြို့နယ် တရားရုံး၌ တတိယအကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုဦးအေးဇော်အား ဦးစိုးထွန်းရှိန်၏ရှေ့နေဘက်က ပြန်လှန်မေးမြန်းခဲ့သည်။

“ ဒီနေ့ကတော့ တရားလို ဦးအေးဇော်ကို ပြန်လှန်စစ်မေးပါတယ်။ စစ်ဆေးတဲ့အချိန်ကတော့ တစ်နာရီခွဲလောက် ကြာတယ်။တရားလိုကို စစ်ဆေးတော့ အမှုအတွက် သင့်တင့်တဲ့ ကျေနပ်မှုလောက်တော့ ရပါတယ်” ဟု ဦးစိုးထွန်းရှိန်ဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးလှိုင်ထွဏ်းက The Daily Eleven သတင်းစာ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

အမှတ် (၂) သတ္တုတွင်းလုပ်ငန်းမှ တရားလို ဦးအေးဇော်အား ယခုရုံးချိန်းတွင် ပြန်လှန်စစ်မေးရန် ကျန်ရှိနေသည့်အတွက် လာမည့်ရုံးချိန်း ဒီဇင်ဘာ ၃ ရက်တွင် ၎င်းအား ထပ်မံ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဦးစိုးထွန်းရှိန် အမှုနှင့်ပတ်သက်၍ တရားစွဲအဖွဲ့အစည်းက ရမည်းသင်းမြို့နယ် တရားရုံးသို့ တရားလို ဦးအေးဇော်အပါအဝင် တရားလိုပြသက်သေ ၁၈ ဦး တင်ပြထားကြောင်း သိရသည်။

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဦးစိုးထွန်းရှိန်သည် ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေတူးဖော်ရေးလုပ်ကွက်၌ ရွှေတူးဖော်ခွင့် ပါမစ်ရပ်ဆိုင်းထားသော်လည်း ထပ်မံတူးဖော်ခဲ့ခြင်းကြောင့် သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် ရမည်းသင်းစခန်းတွင် အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်ထားခြင်း ဖြစ်ပြီး နိုဝင်ဘာ ၆ ရက်က ဦးစိုးထွန်းရှိန်အား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဝရမ်း ထုတ်ခံထားရသည့် ဦးစိုးထွန်းရှိန်မှာ ထိုင်းနိုင်ငံ၌ ရောက်ရှိနေကြောင်း မီဒီယာများတွင် ဖော်ပြပြီးနောက် နိုင်ငံတော် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဦးစိုးထွန်းရှိန်အား သွားရောက်ဖမ်းဆီးမည်ဟု နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က) ဖြင့် ရမည်းသင်းရဲစခန်းတွင် ဦးစိုးထွန်းရှိန်နှင့်အတူ အမှုဖွင့်ခံထားရသူ လေးဦးရှိပြီး ၎င်းတို့မှာ ညီညီလွင်၊ ခင်ဇော်၊ မင်းမင်းစိုးနှင့်  စောမောင်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားသည်။            

 

 


READ NEXT
Cancel OK