Top News

တပ်မတော်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်လေးဦးကို ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲထားသည့်အမှု မရမ်းကုန်းမြို့နယ် တရားရုံးက ဒီဇင်ဘာ ၁၁ ရက် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမှတ်မည်
24htopnews | December 24, 2024 10:12 AM CST

တပ်မတော်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးကို ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲထားသည့်အမှု မရမ်းကုန်းမြို့နယ် တရားရုံးမှ ဒီဇင်ဘာ ၁၁ ရက် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

တပ်မတော်က ပုဒ်မ ၅၀၅ (က) ၊ ၆၆ (ဃ) တို့ဖြင့်တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်လေးဦးကို နိုဝင်ဘာ ၂၇ ရက်က မရမ်းကုန်းမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။

ရုံးချိန်းတွင် သံချပ်အဖွဲ့ဝင် လေးဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်းနှင့် မဆုရတနာမြင့်တို့ကို ပုဒ်မ ၆၆ (ဃ) ဖြင့် မရမ်းကုန်းမြို့နယ် တရားရုံးတွင် အပြီးသတ် လျှောက်လဲချက်ပေးခဲ့ကြောင်း၊ လာမည့် ရုံးချိန်းဖြစ်သည့် ဒီဇင်ဘာ ၁၁ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

“ ဒီနေ့က ၆၆ (ဃ) အမှုကို အပြီးသတ် လျှောက်လဲချက်ပေးတယ်။ သံချပ်အဖွဲ့ဝင် လေးဦးကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အပြီးသတ် အမိန့်ချမှတ်မယ်” ဟု သံချပ်အဖွဲ့ဝင်များဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

နိုဝင်ဘာ ၁၈ ရက်က ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ခြောက်ဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသားနှင့် မကေခိုင်ထွန်းနှင့် မဆုရတနာမြင့်တို့ကို ပုဒ်မ၅၀၅  (က) အမှုဖြင့်အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ကြောင်း၊ သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုငြိမ်းချမ်းစိုးမှာ ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်ခံရသော်လည်း ၄၇ လမ်းထောင့်တွင် သံချပ်ဖျော်ဖြေစဉ် အလုပ်ဆင်းနေရသည့်အတွက် လာရောက်ဖျော်ဖြေခဲ့ခြင်း မရှိကြောင်း သက်သေခံအထောက်အထား၊ ဓာတ်ပုံအထောက်အထားများဖြင့် ခိုင်ခိုင်မာ ထွက်ဆိုခဲ့သည့်အတွက် တရားသူကြီးက တရားသေလွှတ်ပေးခဲ့ကြောင်း သိရသည်။

ကိုငြိမ်းချမ်းစိုးမှာ ပုဒ်မ ၅၀၅ (က) အမှုမှ တရားသေလွတ်မြောက်ခဲ့သော်လည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့်အတွက် အာမခံယူကာ အချုပ်လွတ်ဖြင့် တရားရင်ဆိုင်မည်ဖြစ်ကြောင်း၊ ထောင်ဒဏ်ချမှတ်ခံရသည့် သံချပ်အဖွဲ့ဝင် ခြောက်ဦးမှာ ချုပ်ရက်ထုတ်နုတ် ခံစားခွင့်ရှိကြောင်း သိရသည်။

ထို့ပြင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်ခြောက်ဦးကို အောက်တိုဘာ ၃၁ ရက်က မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး သံချပ်အဖွဲ့ဝင် ငါးဦးဖြစ်သည့်ကို ဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ်၊ ကိုပိုင်ဖြိုးမင်းနှင့် မကေခိုင်ထွန်းတို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က တပ်မတော်က တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးအား မရမ်းကုန်းမြို့နယ် တရားရုံးမှ ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင်အမိန့်ချမှတ်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်တွင် ဗိုလ်တထောင်မြို့နယ်တရားရုံး မှ သံချပ်အဖွဲ့ဝင် ခုနစ်ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံစွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်ငါးဦးဖြစ်သည့် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုပိုင်ရဲသူ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသားနှင့် မကေခိုင်ထွန်းတို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ကာ ဧပြီ ၁၈ ရက်က ပုဒ်မ ၅၀၅ (က) ဖြင့် မရမ်းကုန်းမြို့နယ်တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မရမ်းကုန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားသည့် ငါးဦးအပြင်သံချပ်အဖွဲ့ဝင် ကိုငြိမ်းချမ်းစိုးနှင့် မဆုရတနာမြင့်တို့နှစ်ဦးအား နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(က) နှင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် မေ ၆ရက်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ထပ်မံတရားစွဲဆိုထားခြင်း ဖြစ်သည်။

ထို့ပြင် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် လေးဦးကိုလည်း တပ်မတော်က ၆၆ (ဃ) ဖြင့် မရမ်းကုန်း မြို့မရဲစခန်းတွင် ဧပြီ ၁၅ (သင်္ကြန်အကြတ်နေ့) တွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့တွင် ယခင်ကျောင်းသား သမဂ္ဂအဖွဲ့ ဝင်များနှင့် လက်ရှိ အဖွဲ့ဝင်များဖြင့် နိုင်ငံအတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သံချပ်ထိုးဖျော်ဖြေမှုကို ၂၀၁၂ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး နှစ်စဉ်သံချပ်ထိုးမည့် စာသားများကို သံချပ်ဆင်ဆာစိစစ်ရေးအဖွဲ့ထံ မတင်ပြခဲ့ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK