Top News

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကမ္ဘောဇ ATM ငွေထုတ်စက်မှ ကျပ်သိန်း ၃၀၀ ကျော် ဖောက်ထွင်းခိုးယူမှု ဖြစ်ပွား
24htopnews | December 24, 2024 10:12 AM CST

မန္တလေးမြို့ရှိ ကမ္ဘောဇ ATM ငွေထုတ်စက်တွင်းမှ ပိုက်ဆံများ ဖောက်ထွင်းခိုးယူမှု နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို စစ်ဆေးနေကြောင်း မဟာအောင်မြေ ရဲတပ်ဖွဲ့ထံမှ သိရသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ ATM ငွေထုတ်စက်သို့ ငွေလာထုတ်သူများက လိုင်းကျနေသည်ဟု ထင်သဖြင့် ဘဏ်သို့အကြောင်းကြားခဲ့ရာ လိုင်းကျနေခြင်း မဟုတ်ဘဲ ငွေများဖောက်ယူခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

ATM ငွေထုတ်စက်အား ဘဏ်တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ လက်ကျန်ငွေကျပ် သိန်း ၃၄၀ ခန့်မှာ မရှိတော့ဘဲ ပျောက်ဆုံးနေသဖြင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့သို့ မေးမြန်းခဲ့ရာ “ဖြစ်တာကတော့ မနက် ၉ နာရီလောက်က ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ သိရတာက ညနေ ၄ နာရီလောက်မှပါ။ လိုင်းကျနေတယ်ထင်ပြီး ဘဏ်က တာဝန်ရှိသူတွေက သွားစစ်တော့မှ ငွေတွေဖောက်ထွင်း ခံလိုက်ရမှန်း သိကြတာ။ ရဲစခန်းမှာ အမှုဖွင့်စစ်ဆေး ဘာညာနဲ့ ၆ နာရီ လောက်မှာစပြီး စစ်ဆေးရှာဖွေမှုတွေ လုပ်ခဲ့ပါတယ်။ အခုတော့ ကျူးလွန်သူလို့ ယူဆရသူကို မိပါပြီ။ သေချာသလောက်ပါပဲ။ သက်သေခံပစ္စည်းတွေတို့ လိုက်သိမ်းတာတွေ လုပ်နေတုန်းမို့ အသေးစိတ်တော့ မသိရသေးဘူး။ ငွေကတော့ ခန့်မှန်း ကျပ်သိန်း ၃၀၀ ကျော်လို့ သိရတယ်” ဟုမဟာအောင်မြေ မြို့နယ်မှူး ရဲမှူးဝင်းနိုင်က ပြောကြားသည်။

ထိုကဲ့သို့ ATM စက်အတွင်းမှ ငွေများဖောက်ယူသွားသူအား မဟာအောင်မြေမြို့မ ရဲစခန်းတွင် (ပ)၁၀၉၄/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၅၄ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

 


READ NEXT
Cancel OK