Top News

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် ယခုအချိန်အထိ လူကုန်ကူးခံခဲ့ရမှု ၁၄ မှုကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ဟု တိုင်း လုံ၊ နယ်ဝန်ကြီး ပြောကြား
24htopnews | December 24, 2024 10:12 AM CST

တိုင်းဒေသကြီးတွင် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုနှင့် အသိပညာ နည်းပါးမှုများကြောင့် လူကုန်ကူးမှု အဖြစ်များနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၌၂၀၁၅ ခုနှစ်မှ၂၀၁၉ ခုနှစ် ယနေ့အချိန်အထိ လူကုန်ကူးခံခဲ့ရမှု ၁၄ မှုကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ ခုနှစ်များတွင် ပြည်တွင်းနှင့် တရုတ်နိုင်ငံသို့ ဦးတည်ကာ လူကုန်ကူး ခံရမှုများလည်း ဖြစ်ပွားခဲ့ကြောင်း ၂၀၁၇ ခုနှစ်တွင် လူကုန်ကူးခံရမှု တစ်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ပွားမှုသည် တရုတ်နိုင်ငံသို့ ဦးတည်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် လူကုန်ကူးခံရမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ပွားမှုသည် ပြည်တွင်းတစ်ကြိမ်နှင့် တရုတ်နိုင်ငံနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း အလားတူ ၂၀၁၉ ခုနှစ်တွင် လူကုန်ကူးခံရမှု ငါးကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်ပွားမှုသည် ပြည်တွင်းတစ်ကြိမ်နှင့် တရုတ်နိုင်ငံလေးကြိမ် ဖြစ်ပွားခဲ့ကြောင်း ဗိုလ်မှူးကြီး သန်းထွန်းအောင်က ဆက်လက် ပြောကြားသည်။

“လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအနေနဲ့ ၂၀၁၇ ခုနှစ်စပြီး ပြောရမယ် ဆိုရင်တော့ ၂၀၁၇ ခုနှစ်မှာ အမှုတစ်မှု ဖြစ်ခဲ့တယ်။၂၀၁၈ ခုနှစ်မှာ သုံးမှုဖြစ်ခဲ့တယ်။၂၀၁၉ ခုနှစ်မှာ ငါးမှုဖြစ်ပွားခဲ့တယ်။ ဦးတည်တဲ့ နိုင်ငံအနေနဲ့တော့ ၂၀၁၇ ခုနှစ်မှာ ပြည်တွင်းကနေ တရုတ်နိုင်ငံကို ဦးတည်ပြီးတော့ တစ်ကြိမ်ဖြစ်ပွားတယ်။၂၀၁၈ ခုနှစ်မှာတော့ ပြည်တွင်းမှာ တစ်ကြိမ်နဲ့ တရုတ်နိုင်ငံကို ဦးတည်ပြီးတော့ နှစ်ကြိမ်ဖြစ်ခဲ့တယ်။၂၀၁၉ ခုနှစ်မှာတော့ ပြည်တွင်းမှာ တစ်ကြိမ်နဲ့ တရုတ်နိုင်ငံကို ဦးတည်ပြီးတော့ လေးကြိမ်ဖြစ်ပွား ခဲ့ပါတယ်။ ဖြစ်ပွားမှု အနေနဲ့ကတော့ ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် ယနေ့အချိန်အထိပေါ့ လူကုန်ကူးခံခဲ့ရမှု ၁၄ မှုအထိ အရေးယူနိုင်ခဲ့တယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုများ ရှိနေပြီး ယင်းတပ်ဖွဲ့စုများ တည်ရှိရာ မြို့နယ်များသည် ကလေးမြို့၊ ရွှေဘိုမြို့၊ ကသာမြို့၊ တမူးမြို့၊ ခမ်းပါတ်မြို့တို့ ဖြစ်ကြောင်း၊ အဆ်ိုပါ တပ်ဖွဲ့စုများ အားလုံးကို မုံရွာမြို့ကနေ အဓိက ကိုင်သွယ်ထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်ယနေ့အချိန်အထိ လူကုန်ကူးခံခဲ့ရသည့် ခရိုင်များသည် ကသာခရိုင်တွင် လေးမှု၊ မုံရွာခရိုင်တွင် နှစ်မှု၊ စစ်ကိုင်းခရိုင်တွင် နှစ်မှု၊ ရွှေဘိုခရိုင်တွင် နှစ်မှု၊ ကလေးခရိုင်တွင် တစ်မှု၊ ယင်းမာပင်ခရိုင်တွင် တစ်မှု၊ တမူးခရိုင်တွင် တစ်မှု၊ မော်လိုက် ခရိုင်တွင် တစ်မှု စုစုပေါင်း လူကုန်ကူးခံခဲ့ရမှု ၁၄ မှုအထိ ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောကြားသည်။


READ NEXT
Cancel OK