Top News

သာကေတမြို့နယ်တွင် တစ်ညတည်း၌ ၁၃ နှစ်အရွယ် ကလေးတစ်ဦးကို အမျိုးသားတစ်ဦးက လက်ဖြင့်ပုတ်လိုက်ရာ အသိစိတ် လွတ်သွားသည်ဆိုသည့် ဖြစ်စဉ်နှင့် ၁၁ နှစ်အရွယ်ကလေးတစ်ဦးအား အမျိုးသားတစ်ဦးက ခိုးယူရန် ကြံစည်သည်ဆိုသော ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်းသိရ
24htopnews | December 24, 2024 10:12 AM CST

သာကေတမြို့နယ်တွင် ဒီဇင်ဘာ ၁ ရက်ညပိုင်းက ၁၃ နှစ်အရွယ် ကလေးတစ်ဦး ကို အမည်မသိ အမျိုးသားတစ်ဦးက လက်ဖြင့် ပုတ်လိုက်ရာ အသိစိတ်လွတ် သွားသည်ဆိုသည့်ဖြစ်စဉ်နှင့် ၁၁ နှစ်အရွယ် ကလေး ငယ်တစ်ဦးအား အမျိုးသားနှစ်ဦးက ခိုးယူရန်ကြံစည်သည်ဆိုသော ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှစ်ခုမှာသာကေတ မြို့ နယ် အနော်မာရပ်ကွက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

ဒီဇင်ဘာ ၁ ရက် ည ၈ နာရီခန့်တွင် သာကေတမြို့နယ် အနော်မာရပ်ကွက် အနော်မာ ၁၀ လမ်းနေ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် သူငယ်ချင်းဖြစ်သူနှင့် ဘာသာရေးကျောင်းမှ ပြန်လာခဲ့ ကြောင်း၊ ယင်းသို့ပြန်လာစဉ် စက်ဘီးစီးလာသူ အမျိုးသားတစ်ဦးက အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေး၏ပခုံးအား လက်ဖြင့် ပုတ်ခဲ့ကြောင်း သိရသည်။

“မနေ့က ဘာသာရေးကျောင်းက ပြန်လာတာ၊ သူငယ်ချင်းတစ်ယောက်နဲ့ပြန်လာတာ။ သူက အနော်မာ ၁၀ လမ်းထိပ်မှာ နေခဲ့တာ။ သူ့အိမ်နားမှာ။ အဲဒီမှာ လူတစ်ယောက်က စက်ဘီးစီးပြီးလာတာ။ လူတွေကို ရှောင် ပြီးလာတာ။ ပြီးတော့ လက်နဲ့ရအောင်တို့ သွားတာ။ သိပ်တော့ မထိလိုက်ဘူး။ နည်း နည်းစူးသွားတဲ့အချိန်မှာ ဖယ်လိုက်တာ။ ၈ နာရီ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်က။ ခေါင်း နည်းနည်းမူးသွားတဲ့အချိန်မှာ လက်ကို အသေကိုက်ပြီး အသိစိတ်ပြန်ဝင်အောင် အိမ်ကိုပြန်လာတယ်။ အိမ်ရောက်တော့ပြောပြတယ်။ ပြီးတော့ ကြောင်သွားတယ် စိတ်က၊ ခန္ဓာကိုယ်က လေးသွားတယ်” ဟု ပခုံးအား လက်ဖြင့်ပုတ်ခံရသည့် အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး ကလေး ငယ်၏ မိခင်ဖြစ်သူက “ကလေးက အိမ်ပြန်ရောက်လာပြီး နေကောင်းလာတော့ ရေတွေ တိုက်တယ်။ သူလန့်နေတော့ ခြေဖျားလက် ဖျားအေးနေတာကို ကိုင်ကြည့်တော့ သိရတယ်။ သူ့အစ်ကိုတွေကလည်း လမ်းလူကြီးကို အကြောင်းကြားတော့ သူတို့လည်း လာပြီး ကူညီတာပါ။ အိမ်ကို ဘာသာရေးကျောင်း ကနေ ဒီအချိန်ပုံမှန်ပြန်ကျပါ။ သူပြောပြတာ တော့  စက်ဘီးနင်းပြီး ထွက်ပြေးသွားတယ် ပြောတယ်။ ကျွန်မက ဥပဒေကြောင်း နား သိပ်မလည်တော့ အမှုဖွင့်တာတွေတော့ မလုပ်တော့ဘူး” ဟု ပြောကြားသည်။

ထို့ပြင် ဒီဇင်ဘာ ၁ ရက် ည ၉ နာရီ ခန့်တွင် အနော်မာရပ်ကွက်၊ ရွှေမေတ္တာစျေး ဟိန္ဒူဘုရားကျောင်းရှေ့တွင်နေထိုင်သည့်  အသက် ၁၁ နှစ် အရွယ် ယောက်ျားလေး တစ်ဦးသည် စက်ဘီးအပြင်သို့ထွက်စီးစဉ် လူတစ်ဦးက ဖမ်းဆီးခေါ်ဆောင်သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရသိရသည်။

“ညကဖြစ်သွားတဲ့ပြဿနာက ကလေးက စက်ဘီးပတ်စီးနေတာ။ ကလေးက စက် ဘီးလဲသွားတယ်လို့ပြောတယ်။ အနော်မာ ၁၂ လမ်းထိပ်မှာ လဲသွားတာတဲ့။ အဲမှာ ကလေး ခိုးတဲ့သူက  ကြိုးတွေနဲ့တုပ်ပြီးတော့ ပါးစပ်တွေဘာတွေပိတ်ပြီးတော့ မျက်နှာတွေစည်း ပြီးတော့ Probox ကားတစ်စီးကို ငှားတယ်တဲ့။ ငှားပြီးတော့ခေါ်သွားတယ်ပေါ့။ခေါ် သွားတဲ့အချိန်မှာ အနော်မာ  ၁၂ လမ်းနဲ့ ၁၃ လမ်းကြားမှာရှိတဲ့ ပရဟိတကားတစ်စီး ရှိတယ်။ အဲကားယာဉ်မောင်းကမြင်လိုက် တော့ ကားနံပါတ်ကို မှတ်လိုက်တယ်။ပြီး တော့ သာကေတ အမှတ်(၁)ရဲစခန်း  မီးတန်းကားကို  လှမ်းဖုန်းဆက်တယ်။ မီးတန်း ကားကလည်း ရပ်ကွက်ရုံးရှေ့မှာ ရှိနေတော့ နောက်ကနေလိုက်သွားလိုက်တယ်။ ဧရာဝဏ်လမ်းမကြီးမှာ မိတယ်လို့ပြောတယ်။မိတော့ ကလေးကမေ့နေမှာပေါ့။ ကလေး သတိရလာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကမေးကြည့်တော့ မင်းအဖေက ဘယ်သူလဲမေးကြည့် တော့ ကိုဇော််မင်းလို့ပြောတယ်။အမေနာမည်က ဒေါ်လှလှဌေးလို့ ပြောတယ်။ ဘယ်မှာနေလဲမေးတော့ ကာလီမာန် မယ်တော်ကျောင်းရှေ့မှာနေတယ် ပြော တယ်။ရွှေမေတ္တာအပြင်လမ်းပေါ့။ကလေး ကအဲဒီလိုပြောတော့ ကျွန်တော့်အပိုင်ထဲ မှာဖြစ်နေတော့ အုပ်ချုပ်ရေးမှူးက ကျွန်တော့်ကို ဖုန်းလှမ်းဆက်တယ်။ ကျွန်တော် သွားတော့ရုံးရှေ့မှာ လူတွေက ၁၅၀ လောက် ရှိ တယ်။ ပွဲကြီးဖြစ်သွားတာပေါ့။ အမှန်ဖြစ်တာက တစ်ယောက်ထဲမဟုတ်ဘူး။ နှစ် ယောက် လို့ပြောတယ်။ ကျွန်တော်က ကျွန်တော့် အပိုင်ထဲက ကလေးကို သူတို့မှတ်တမ်းတင် ဓာတ်ပုံ တွေရိုက်ပြီးတော့ ကျွန်တော့် လက်ထဲကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက အပ်တဲ့ ပုံစံ ဓာတ်ပုံရိုက်ပြီးတော့  ကျွန်တော့်လက်ထဲကို အပ်လိုက်တာပေါ့။ ကျွန်တော်က ခေါ်လာပြီးတော့ ကလေးမိဘတွေလက်ထဲကို သွားပြီးပြန် အပ်လိုက်တယ်။ အဲဒါပါဘဲ” ဟု ရွှေမေတ္တာ အတွင်းအပြင်အပိုင်းမှ ရာအိမ်မှူး ဦးသန်းဇော်က ပြောကြားသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး သာကေတအမှတ် (၁) ရဲစခန်းသို့ သွားရောက် မေးမြန်းရာ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုသာ မေးမြန်းရန်နှင့် ယင်း ဖြစ်စဉ်များနှင့် ပတ်သတ်ပြီးဖမ်းဆီးထားသူ တစ်ဦးမျှ မရှိကြောင်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ပြောကြားသည်။

 

 


READ NEXT
Cancel OK