Top News

ဒုတိယပိုင်းအမှားများကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဟု ဗီယက်နမ်နှင့်ပွဲအပြီးတွင် မြန်မာအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ပြောကြား
24htopnews | December 24, 2024 4:12 AM CST

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ဗီယက်နမ်အသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းမှာ ဒုတိယပိုင်းအမှားများကြောင့်ဟု ပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်ဒီဇင်ဘာ ၂၁ ရက်က ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲအဖြစ် ဗီယက်နမ်နိုင်ငံသို့သွားရောက်၍ ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၀-၅) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ယင်းပွဲအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ''ပထမဆုံးပြောလိုတာက ဆီမီးဖိုင်နယ်တက်ရောက်သွားတဲ့ ဗီယက်နမ်အသင်းကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့အသင်းဟာ ဒီနေပွဲ ပထမပိုင်းမှာ အခွင့်အရေးတချို့ ရခဲ့ပါတယ်။ ဗီယက်နမ်အသင်းရဲ့တိုက်စစ်ကို အထပ်ထပ်ပိတ်ဆို့ပြီး ဟန့်တားကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ အမှားတွေပြုလုပ်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာတင် ဦးဆောင်ဂိုးနှစ်ဂိုး ပေးလိုက်ရတာက ကျွန်တော်တို့အသင်း ရှုံးဖို့သေချာသွားစေခဲ့ပါတယ်။ ဗီယက်နမ်အသင်းမှာ အတွေ့အကြုံရင့်ကစားသမားတွေ အများကြီးပါဝင်နေပါတယ်။ ဒီပွဲက ကျွန်တော်တို့ အသင်းအတွက် တကယ်ခက်ခဲပါတယ်။ ဗီယက်နမ်အသင်းရဲ့တိုက်စစ်ကို ပိတ်ဆို့ကာကွယ်နေခဲ့ရပါတယ်။ ဗီယက်နမ်အသင်းက ကျွန်တော်တို့အုပ်စုမှာ တစ်သင်းတည်းသော အတောင့်တင်းဆုံးအသင်းပါ။ ဗီယက်နမ်အသင်းက ဒီပြိုင်ပွဲမှာ ထိုင်းအသင်းနည်းတူ တောင့်တင်းတဲ့ အသင်းကြီးတစ်သင်းပါပဲ။ ဗီယက်နမ်အသင်း နောက်တစ်ဆင့်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးမျိုးလှိုင်ဝင်းက ယင်းပွဲတွင် မြန်မာအသင်းဘက်သို့ နှစ်ဂိုးသွင်းယူခဲ့သည့် ဗီယက်နမ်နိုင်ငံသားခံယူထားသည့် ဘရာဇီးလ်ဖွားတိုက်စစ်မှူး ငုရင်ရှောင်ဆင်နှင့် ပတ်သက်၍လည်း ချီးကျူးစကားပြောကြားခဲ့သည်။

ဦးမျိုးလှိုင်ဝင်းက ''သူ(ငုရင်ရှောင်ဆင်) က ဒီနေ့ပွဲမှာ ခြေစွမ်းအပြနိုင်ဆုံး ကစားသမားပါပဲ။ ကိုယ်တိုင်လည်း နှစ်ဂိုးသွင်းယူခဲ့သလို ဂိုးရအောင် ဖန်တီးမှုနှစ်ကြိမ်လည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အကောင်းဆုံးကစားသမားဆုက သူနဲ့ထိုက်တန်ပါတယ်။ သူက အရမ်းမြန်ပြီး ပေါ့ပါးသွက်လက်တဲ့ ကစားသမားပါ။ တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်သလို အရည်အသွေးပြည့်ဝတဲ့ ကစားသမားကောင်းဆိုလည်း ဟုတ်ပါတယ်''ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပွဲအနိုင်ရပါက ဆီမီးဖိုင်နယ်တက်ရောက်ရန် အခွင့်အရေးရရှိမည်ဖြစ်သောကြောင့် ကြိုးစားကစားခဲ့သော်လည်း ဗီယက်နမ်အသင်းကို ငါးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အုပ်စုမှထွက်ခဲ့ရသည်။

ယင်းပွဲတွင် မြန်မာအသင်းသည် ဗီယက်နမ်အသင်းကို ပထမပိုင်းပြီးဆုံးချိန်အထိ ဂိုးမပေးရအောင် ခံကစားနိုင်ခဲ့သော်လည်း ပွဲကစားချိန် ၄၈၊ ၅၅၊ ၇၄၊ ၉၀၊ ၉၂ မိနစ်တို့တွင် ဂိုးများပေးခဲ့ရပြီး အရှက်တကွဲရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စုတွင်း၌ လာအိုအသင်းကိုသာ အနိုင်ရခဲ့ပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်တို့ကိုရှုံးနိမ့်ကာ ဖိလစ်ပိုင်အသင်းနှင့် သရေကျပြီး ရမှတ်(၄) မှတ်ဖြင့် အုပ်စုမှထွက်ခဲ့ရခြင်းဖြစ်သည်။


READ NEXT
Cancel OK