Top News

စာသင်တိုက်များ၊ ရန်ကုန်တိုင်းအတွင်းရှိ ဝန်ထမ်းများအပြင် စက်မှုဇုန်လုပ်သားများအတွက် ယခုလမှစတင်ကာ စားသုံးဆီဖြန့်ဖြူးပေးမည်
24htopnews | December 23, 2024 10:12 PM CST

စာသင်တိုက်များ၊ ရန်ကုန်တိုင်းအတွင်းရှိ ဝန်ထမ်းများကအပြင် စက်မှုဇုန်လုပ်သားများအတွက် ယခုလမှစတင်ကာ စားသုံးဆီဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီးပွားစီမံဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

အဆိုပါစက်မှုဇုန်များရှိ ဝန်ထမ်းများအတွက် စားသုံးဆီဖြန့်ဖြူးရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကာ လုပ်ဆောင်မည်ဖြစ်သည်။

“ပြီးခဲ့တဲ့ နိုဝင်ဘာလက စပြီးတော့ ကျွန်တော်တို့ တိုင်းဒေသကြီးမှာရှိတဲ့ ဝန်ထမ်းအားလုံးနဲ့ စာသင်တိုက်များမှာရှိတဲ့ သံဃာများအတွက် သက်ဆိုင်ရာမှာယူတဲ့နေရာအရောက် ရောင်းချပေးတဲ့အစီအစဉ်ကိုလည်း စတင်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အတွက် စျေးကွက်အတွင်းမှာ စားသုံးဆီပိုမိုဝင်ရောက်မှု များပြားလာမှာဖြစ်ပြီးတော့ မိသားစုများအတွက် မီးဖိုချောင်သုံး စားသုံးဆီ ပူပန်ရမှုလျှော့ချစေမှာဖြစ်ပါတယ်။ ဒါ့အပြင် စက်မှုဇုန်များမှာရှိတဲ့အလုပ်သမားများကိုလည်း ဒီလကစပြီးတော့မှ ဖြန့်ဖြူးရောင်းချပေးသွားဖို့အသင်းကြီးနဲ့ ပူးပေါင်းပြီးတော့မှ အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု  ရန်ကုန်တိုင်းဒေသကြီး စီးပွားစီမံဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဖုန်းဆက်မှာယူရုံဖြင့် စားအုန်းဆီကို အိမ်အရောက်ပို့ဆောင်ပေးနေသည့် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး ဖုန်းဆက်မှာယူသူ တစ်ရက်လျှင် ငါးထောင်ကျော်အထိ လက်ခံရရှိနေသည်ဟု သိရသည်။

လက်ရှိတွင် ပြည်ပမှ တစ်လလျှင် စားသုံးဆီတန်ချိန် ငါးသောင်းခန့် တင်သွင်းနေပြီး အများပြည်သူ စားသုံးမှုအတွက် တန်ချိန် သုံးသောင်းကျော်နှင့် စက်မှုလုပ်ငန်းများအတွက် စားသုံးဆီတန်ချိန် တစ်သောင်းခွဲခန့် တင်သွင်းနေရကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောကြားသည်။

စားသုံးဆီကို မလေးရှား၊ အင်ဒိုနီးရှား အစရှိသည့်နိုင်ငံများမှ အဓိကတင်သွင်းလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ အပတ်စဉ် စားအုန်းဆီ ရည်ညွှန်းစျေးကို ထုတ်ပြန်ပြီး စျေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ဦးဆောင်ကာ ဖုန်းဆက်မှာယူရုံဖြင့် အိမ်အရောက်ပို့သည့် စနစ်ဖြင့် တစ်လလျှင် နှစ်ပိသာ ၇၅ ကျပ်သား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK