Top News

မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ နှစ်ရာသီဆက်တိုက် (၃)ဂိုးနှင့်အထက် သွင်းယူပြီး အနိုင်ရရှိသည့် ဒုတိယမြောက်အသင်းအဖြစ် ဘုန်းမောက် မှတ်တမ်းဝင်
24htopnews | December 23, 2024 7:12 PM CST

ဘုန်းမောက်အသင်းသည် မန်ယူအသင်းကို အိုးလ်ထရက်ဖို့ဒ်ကွင်း၌ နှစ်ရာသီဆက်တိုက် လိဂ်ပြိုင်ပွဲနှစ်ပွဲဆက် (၃)ဂိုးနှင့်အထက်သွင်းယူကာ အနိုင်ရရှိသည့် ဒုတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဘုန်းမောက်အသင်းအား အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်၌ (၀-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သလို၊ ပြီးခဲ့သည့်ရာသီက အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင်လည်း (၀-၃)ဂိုးဖြင့်ပင် ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် အင်္ဂလန်ပထမတန်းခေတ်က ဘန်လေအသင်းကို အိုးလ်ထရက်ဖို့ဒ်တွင် နှစ်ရာသီဆက်တိုက် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း မှတ်တမ်းဆိုးနှင့် ပြန်လည်ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

မန်ယူအသင်းသည် ဘန်လေအသင်းကို ၁၉၆၁-၆၂ ရာသီတွင် အိမ်ကွင်း၌ (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ၁၉၆၂-၆၃ ရာသီတွင် အိမ်ကွင်း၌ (၂-၅)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ယခု ဘုန်းမောက်အသင်းမှာ ဘန်လေအသင်း၏နောက် ဒုတိယမြောက် စွမ်းဆောင်နိုင်သည့်အသင်း ဖြစ်လာသည့်အပြင် ပရီးမီးယားလိဂ်ခေတ်သက်သက်ဆိုပါက ပထမဆုံးစွမ်းဆောင်နိုင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်အိမ်ကွင်းပွဲများ၌ (၃)ဂိုးနှင့်အထက် အသွင်းခံရသည့်ပွဲ (၄)ပွဲရှိသည့်အတွက် ဆောက်သမ်တန် (၅ ပွဲ)၏နောက် အများဆုံးဖြစ်နေကြောင်းလည်း သိရသည်။

မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ်ကို ထုတ်ပယ်ကာ အာမိုရင်မ်ကို ခန့်အပ်ပြီး နည်းပြအပြောင်းအလဲပြုလုပ်ထားသော်လည်း ရလဒ်များ တိုးတက်လာခြင်းမရှိသေးဘဲ ပြိုင်ပွဲစုံနောက်ဆုံး(၆)ပွဲ၌ (၄)ပွဲရှုံးနိမ့်ခဲ့သည်။

အာမိုရင်မ်လက်ထက် ယှဉ်ပြိုင်ခဲ့သည့် (၉)ပွဲတွင် (၄)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၄) ပွဲရှုံးနိမ့်ခဲ့ပြီး လိဂ်ဖလားပြိုင်ပွဲတွင် ကွာတားဖိုင်နယ်အဆင့်မှ ထွက်ခဲ့ရပြီဖြစ်သလို၊ ပရီးမီးယားလိဂ်တွင်လည်း အဆင့်(၁၃) နေရာရောက်ရှိနေသည်။

မန်ယူအသင်းအနေဖြင့် ခရစ္စမတ်ကာလတွင် အမှတ်ပေးဇယားအောက်ဘက်အခြမ်းသို့ ရောက်ရှိနေခဲ့ခြင်းမှာ ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း သိရသည်။

မန်ယူအသင်းသည် ဘုန်းမောက်နှင့်ပွဲတွင် Set-piece မှ တစ်ဂိုးပေးခဲ့ရသည့်အတွက် ၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်တွင် Set-piece မှပေးရသည့် ဂိုးအရေအတွက် (၁၇)ဂိုးရှိလာခဲ့ပြီး အများဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရသည်။

အဆိုပါ အရေအတွက်မှာ အသင်း၏သမိုင်းတစ်လျှောက် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း အများဆုံးခွင့်ပြုခဲ့ရသည့် Set-piece ဂိုးအရေအတွက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။


READ NEXT
Cancel OK