Top News

၂၀၂၁ ခုနှစ်အတွက် Laureus Awards ထူးချွန်ဆုကို တင်းနစ်ကစားသမားများဖြစ်သည့် ရာဖေးလ်နဒါးလ်နှင့် အိုဆာကာ ဆွတ်ခူး
24htopnews | December 23, 2024 4:12 PM CST

၂၀၂၁ ခုနှစ်အတွက် Laureus Awards ထူးချွန်ဆုများကို ကြာသပတေးနေ့က ပေးအပ်ချီးမြှင့်ရာ အမျိုးသားကစားသမားဆုနှင့် အမျိုးသမီးကစားသမားဆုကို တင်းနစ်ကစားသမားများဖြစ်သည့် ရာဖေးလ်နဒါးလ်နှင့် အိုဆာကာတို့ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

    

ယခုနှစ် Laureus World Sports Awards ဆုချီးမြှင့်ပွဲအခမ်းအနားကို စပိန်နိုင်ငံ ဆီဗီးလ်မြို့၌ ကျင်းပခဲ့ပြီး COVID-19 ရောဂါဖြစ်ပွားမှုနှင့် ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ဒစ်ဂျစ်တယ်စနစ်ဖြင့်သာ ပြုလုပ်ခဲ့ရသည်။ 

အမျိုးသားကစားသမားဆုကို အသက် (၃၄) နှစ်ရှိပြီဖြစ်သည့် ၀ါရင့်စပိန်တင်းနစ်သမား နဒါးလ်က ဆွတ်ခူးရရှိခဲ့ပြီး ၎င်းအနေဖြင့် Laureus Awards ဆုများကို (၄)ကြိမ်မြောက်ရရှိခြင်းဖြစ်သည်။ 

နဒါးလ်သည် ၂၀၁၁ နှင့် ၂၀၂၁ ခုနှစ်တွင် အမျိုးသားကစားသမားဆု၊ ၂၀၀၆ ခုနှစ်တွင် Breakthrough of the Year ဆုနှင့် ၂၀၁၄ ခုနှစ်တွင် Comeback of the Year ဆုရရှိထားခြင်းဖြစ်သည်။ 

၎င်းသည် ပြီးခဲ့သည့်နှစ် ပြင်သစ်အိုးပင်းပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲပြီး သမိုင်းတစ်လျှောက် ဂရင်းစလင်းချန်ပီယံဆုအများဆုံး (အမျိုးသား) တင်းနစ်သမားအဖြစ် ရပ်တည်နေသည့် ဆွစ်ဇာလန်ကစားသမား ရော်ဂျာဖက်ဒါရာ၏ အကြိမ် (၂၀) စံချိန်ကို အမီလိုက်နိုင်ခဲ့သည်။ 

ထို့ကြောင့် ၎င်းအနေ ဖြင့် ဆန်ခါတင်စာရင်းတွင်ပါဝင်သည့် ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါ စကီး၊ ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံ လူးဝစ်ဟာမီလ်တန်၊ NBA ချန်ပီယံ လီဘရွန်ဂျိမ်းစ်၊ မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀ အပြေးပြိုင်ပွဲ ကမ္ဘာ့စံချိန်ရှင် ဂျိုရှူအာချက်တေဂီနှင့် တုတ်ထောက်ခုန်ပြိုင်ပွဲ (ရုံတွင်း) ကမ္ဘာ့စံချိန်ရှင် ဒူပလန်တစ်တို့ကိုကျော်ဖြတ်၍ အကောင်းဆုံးဆုရရှိခဲ့ခြင်းဖြစ်သည်။

    

အမျိုးသမီးကစားသမားဆုကို ၂၀၂၀ ယူအက်စ်အိုးပင်းနှင့် ၂၀၂၁ သြစတြေးလျ အိုးပင်းဂရင်းစလင်းပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိထားသည့် ဂျပန်တင်းနစ်မယ် အိုဆာကာက ဆွတ်ခူးရရှိခဲ့သည်။ 

ထို့ပြင် အိုဆာကာသည် ယူအက်စ်အိုးပင်းပြိုင်ပွဲယှဉ်ပြိုင်စဉ်ကာလတစ်လျှောက် လူဖြူရဲတပ်ဖွဲ့ဝင်များ၏ လူမျိုးရေးခွဲခြားဆက်ဆံမှုခံခဲ့ရသည့် အာဖရိကန်-အမေရိကန်နွယ်ဖွား လူမည်းများ၏အမည်ကို Mask တွင် ရေးသားဝတ်ဆင်၍ လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သောကြောင့် ယင်းဆု ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။ 

အိုဆာကာသည် ၂၀၁၉ ခုနှစ်တွင် Breakthrough of the Year ဆုရရှိထားရာ Laureus Awards ဆုကို ဒုတိယအကြိမ်မြောက် ရရှိခြင်း ဖြစ်သည်။

    

အသင်းလိုက်ထူးချွန်ဆုကို ပြီးခဲ့သည့်နှစ်အတွင်း ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလား၊ ဂျာမန်စူပါဖလား၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားစသည့် ပြိုင်ပွဲ(၆)မျိုးတွင် ချန်ပီယံဆုရယူနိုင်ခဲ့သည့် ဘိုင်ယန်မြူး နစ်အသင်းက ရရှိခဲ့သည်။ 

ထို့ပြင် အမေရိကန်ဂန္ထဝင်တင်းနစ်မယ် ဘီလီဂျင်းကင်းက တစ်သက်တာထူးချွန်ဆု၊ ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံ ဗြိတိန်ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က Athlete Advocate of the Year  ဆု၊ လီဗာပူးလ်အသင်း၏ အီဂျစ် တိုက်စစ်ကစားသမား မိုဟာမက်ဆာလာက Sporting Inspiration ဆု၊ NBA ကလပ် ကန်းဆက်စ်စီးတီးအသင်း၏ အမေရိကန်ကစားသမား ပက်ထရစ်မာဟုမ်းစ်က Breakthrough of the Year ဆုနှင့် ကနေဒါနှင်းလျှောစီးကစားသမား မက်ဆန့်စ်ပါရော့က Comeback of the Year ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

■ Laureus Awards ရရှိသူများ

အမျိုးသားကစားသမားဆု - ရာဖေးလ်နဒါးလ် (စပိန်၊ တင်းနစ်)

အမျိုးသမီးကစားသမားဆု - နာအိုမီအိုဆာကာ (ဂျပန်၊ တင်းနစ်)

အသင်းလိုက်ဆု - ဘိုင်ယန်မြူးနစ် (ဘောလုံး)

Breakthrough of the Year ဆု -  ပက်ထရစ်မာဟုမ်းစ် (အမေရိကန်၊ NFL)

Comeback of the Year Award ဆု -မက်ဆန့်စ်ပါရော့ (ကနေဒါ၊ နှင်းလျှောစီး)

Sport for Good ဆု - KICKFORMORE by KICKFAIR

တစ်သက်တာအောင်မြင်မှုဆု - ဘီလီဂျင်းကင်း (အမေရိကန်၊ တင်းနစ်)

Athlete Advocate of the Year ဆု - ဟာမီလ်တန် (ဗြိတိန်၊ ဖော်မြူလာဝမ်း)

Sporting Inspiration ဆု -  မိုဟာမက်ဆာလာ (အီဂျစ်၊ ဘောလုံး)

Sporting Moment of the Year ဆု - ခရစ္စနီကစ် (အမေရိကန်၊ သုံးမျိုးစုံ)


READ NEXT
Cancel OK