Top News

ဂိုးသွင်းနိုင်ရန် ရုန်းကန်နေရခြင်းနှင့် ဂိုးများပေးနေရခြင်းမှာ အဓိကပြဿနာဟု မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ဝန်ခံ
24htopnews | December 23, 2024 3:12 AM CST

 

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက လက်ရှိရင်ဆိုင်နေရသည့် အဓိကပြဿနာမှာ ဂိုးသွင်းနိုင်ရန် ရုန်းကန်နေရခြင်းနှင့် ဂိုးများပေးနေရခြင်းဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ဒီဇင်ဘာ ၂၁ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ် ပွဲစဉ် (၁၇) တွင် ဗီလာအသင်းအား အဝေးကွင်း၌ (၂-၁) ဂိုးဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။ အောက်တိုဘာလကုန်ပိုင်းကတည်းက ရလဒ်ဆိုးများ ဆက်တိုက်ကြုံတွေ့နေရသည့် မန် စီးတီးအသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲတွင် တစ်ပွဲသာ အနိုင်ရပြီး နှစ်ပွဲသရေကျ ကာ ကိုးပွဲမြောက် ရှုံးပွဲရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် T&T Sports ရုပ်သံက မန်စီးတီးအသင်းရင်ဆိုင်နေရသည့် ပြဿနာများအကြောင်း မေးမြန်းရာ ဂွါဒီယိုလာက "ကျွန်တော်တို့ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရပြီးတော့ ဂိုးတွေပေးနေရတာပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ တကယ်ကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ အမှားတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ပြဿနာတွေရှိနေတုန်းပဲ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပြုတ်ကျသွားခဲ့တယ်။ ဂျွန် (စတုန်းစ်) ဆက်မကစားနိုင်တော့လို့ ကျွန်တော်တို့ရဲ့ Pressing လုပ်ပုံကို နည်းနည်းပြောင်းလဲခဲ့ရပြီး ပထမပိုင်း လောက် မကောင်းတော့ပါဘူး။ အက်စတွန်ဗီလာကိုတော့ ဂုဏ်ပြုပါတယ်။ ဒီပုံစံအတိုင်းပဲ ဆက်သွားပါ။ ကျွန်တော်တို့ရဲ့တည်ဆောက်ပုံက အဆင်ပြေပါတယ်။ ဒါပေမဲ့ ကွင်းလယ်မှာ သူတို့က အရမ်းအားကောင်းတယ်။ အိုနာနာနဲ့ ကာမာရာတို့ရဲ့ ကြံ့ခိုင်မှုက တကယ် ကောင်းပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေရခဲ့ပေမဲ့ အခွင့်အရေးကောင်းတွေတော့ မရခဲ့ဘူး။ ဥပမာပြောရရင် ယူနိုက်တက်နဲ့ပွဲထက် အခွင့်အရေးပိုရခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ပြုတ်ကျသွားခဲ့တယ်။ ကျွန်တော်တို့ရဲ့ Pressing က ညာခြမ်းမှာ ထိရောက်မှုမရှိလို့ နည်းနည်းရုန်းကန်ခဲ့ရတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့ ဂိုးတစ်ဂိုးရခဲ့ပေမဲ့ အဲဒါက အရမ်းနောက်ကျသွားပါပြီ" ဟု ဖြေကြားခဲ့သည်။

ထို့ပြင် မန်စီးတီးအသင်း၏ ဒဏ်ရာရ ကစားသမားစာရင်းတွင် ရိုဒရီ၊ အော်စကာဘော့ဘ်၊ နာသန်အကီနှင့် ဒီယက်စ်အပြင် ဂျွန်စတုန်းစ်ပါ ထပ်တိုးလာသဖြင့် ခံစစ်ပိုင်း အခက်တွေ့ဖွယ်ရှိနေကြောင်း သိရသည်။ ပေါ်တူဂီခံစစ်အတွင်းလူ ဒီယက်စ် (၂၇ နှစ်) မှာ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် သုံးပတ်၊ လေးပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း ဂွါဒီယိုလာက အတည်ပြုပြောကြားထားသည်။ 

ထို့ပြင် အင်္ဂလန်ခံစစ်အတွင်းလူ ဂျွန်စတုန်းစ် (၃၀ နှစ်) မှာလည်း ဗီလာအသင်းနှင့်ပွဲ၌ ပထမပိုင်းအပြီးတွင် ဆက်မကစားနိုင်တော့ဘဲ လူစားလဲခဲ့ရသည်။ သို့ဖြစ်ရာ ကြံ့ခိုင်မှုပြည့်ဝသည့် ခံစစ်အတွင်းလူတစ်ဦးတည်းရှိတော့သဖြင့် လာမည့်ပွဲတွင် ပိုမိုခက်ခဲလာနိုင်ကြောင်းလည်း ဂွါဒီယိုလာက သုံးသပ်ပြောကြားခဲ့သည်။


READ NEXT
Cancel OK