Top News

တံကောက်ကြောဒဏ်ရာရရှိပြီး ချိုင်းထောက်ဖြင့် ပြန်ခဲ့ရသည့် ဆာကာအတွက် စိုးရိမ်ဟု အာတီတာ ပြောကြား
24htopnews | December 23, 2024 3:12 AM CST

 

အာဆင်နယ်အသင်းနည်းပြ အာတီတာ က ပဲလေ့စ်အသင်းနှင့်ပွဲတွင် တံကောက်ကြောဒဏ်ရာရရှိပြီး ကွင်းအတွင်းမှ ချိုင်းထောက်ဖြင့် ပြန်သွားခဲ့ရသည့် ဆာကာ အတွက် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဆာကာသည် ဒီဇင်ဘာ ၂၁ ရက်က လန်ဒန်ဒါဘီပြိုင်ဘက် ပဲလေ့စ်အသင်းအား အဝေးကွင်း၌ (၁-၅) ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ယာဘက်ခြေထောက် တံကောက်ကြောဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၂၄ မိနစ်မှာပင် လူစားလဲခဲ့ရသည်။ ထို့နောက် ပွဲအပြီးတွင် ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာစဉ် ဆာကာမှာ ချိုင်းထောက်ဖြင့် လမ်းလျှောက်နေရသည့်ဓာတ်ပုံများ လူမှုမီဒီယာတွင် ထွက်ပေါ်လာခဲ့သည်။

၎င်း၏ဒဏ်ရာအခြေအနေနှင့်ပတ်သက်၍ အာတီတာက "သူက တံကောက်ကြောမှာ တစ်ခုခုခံစားလိုက်ရပြီးတော့ ဆက်မကစားနိုင်တော့ပါဘူး။ သူ့ရဲ့အခြေအနေကို စစ်ဆေးရပါဦးမယ်။ အဲဒီဒဏ်ရာအတွက် ကျွန်တော် တော်တော်လေးစိုးရိမ်မိပါတယ်။ အချိန်ဘယ်လောက်နားရမလဲဆိုတာက ပြောဖို့ခက်ပါတယ်။ သူတို့ (ဆေးအဖွဲ့) က သူ့ကို စမ်းသပ်ပြီးပါပြီ။ ဒါပေမဲ့ အခြေအနေဘယ်လောက်ဆိုးလဲဆိုတာ ပြောဖို့ခက်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဆာကာ (၂၃ နှစ်) သည် အာဆင်နယ်အသင်းအတွက် အားထားရသည့် ကစားသမားတစ်ဦးဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ငါးဂိုးသွင်းယူထားသလို ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပေးထားသည်။ ၎င်းအနေဖြင့် ယခုရာသီတွင် တတိယအကြိမ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK