Top News

ပြည်ပမှ စားသုံးဆီ တန်ချိန် တစ်လ လျှင် ငါးသောင်းခန့် တင်သွင်းနေပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် ဆီတင်သွင်းမှု လျှော့ချမည်
24htopnews | December 22, 2024 6:12 PM CST

ပြည်ပမှ စားသုံးဆီ တန်ချိန် တစ်လလျှင် ငါးသောင်းခန့်တင်သွင်းနေပြီး လာမည့် ၂၀၂၅ ခုနှစ်တွင် ဆီတင်သွင်းမှု လျှော့ချမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီးပွားစီမံဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တွင် ပြုလုပ်သည့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ၃၂ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်စဉ် စီးပွားစီမံဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

" လာမယ့် ၂၀၂၅ မှာ နိုင်ငံခြားကနေပြီးတော့မှ ဆီတင်သွင်းမှု လျှော့ချမှာ ဖြစ်တဲ့အတွက် အသင်းဝင်များအနေနဲ့ ပြည်တွင်းမှာပဲ ထုတ်လုပ်တဲ့ဆီနဲ့ ပြည်သူလူထုအတွက် လုံလောက်စေဖို့ ဆီထွက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ခြင်း၊ ဆီစက်များ တည်ထောင် ခြင်းကိုလည်း ဆောင်ရွက်ကြဖို့ တိုက်တွန်းတင်ပြလိုပါတယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး စီးပွားစီမံဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။

လက်ရှိတွင် ပြည်ပမှ တစ်လလျှင် စားသုံးဆီတန်ချိန် ငါးသောင်းခန့် တင်သွင်းနေပြီး အများပြည်သူ စားသုံးမှုအတွက် တန်ချိန် သုံးသောင်းကျော်နှင့် စက်မှုလုပ်ငန်းများအတွက် စားသုံးဆီတန်ချိန် တစ်သောင်းခွဲခန့် တင်သွင်းနေရကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောကြားသည်။

" လက်ရှိမှာ စားသုံးဆီတင်သွင်းမှုက တန်ချိန် သုံးသောင်းလေးထောင် အများပြည်သူအတွက်ပေါ့။ နောက်တခါ စက်မှုလုပ်ငန်းသုံးအတွက် တင်သွင်းတာက တန်ချိန် တစ်သောင်းငါးထောင်ခန့် တင်သွင်းပါတယ်" ဟု ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောကြားသည်။

ယခင်က တစ်လလျှင် စားသုံးဆီတန်ချိန် ခုနစ်သောင်း ကျော် တင်သွင်းခဲ့ရာမှာ တန်ချိန် နှစ်သောင်းကျော် လျော့ကျလာခဲ့ခြင်းဖြစ်သည်။

စားသုံးဆီကို မလေးရှား၊ အင်ဒိုနီးရှား အစရှိသည့် နိုင်ငံများမှ အဓိက တင်သွင်းလျက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ဦးဆောင်ကာ အပတ်စဉ် စားအုန်းဆီ ရည်ညွှန်းစျေးကို ထုတ်ပြန်ပြီး စျေးကွက်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။

          လက်ရှိတွင် မြန်မာနိုင်ငံဆီကုန်သညနှင့် ဆီလုပ်ငန်းရှင်များအသင်းက ဦးဆောင်ကာ ဖုန်းဆက်မှာယူရုံဖြင့် အိမ်အရောက်ပို့သည့် စနစ်ဖြင့် တစ်လလျှင် နှစ်ပိသာ ၇၅ ကျပ်သား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


READ NEXT
Cancel OK