Top News

မူဆယ်ခရိုင်တွင် ခြောက်လတာ ကာလအတွင်း ကျပ်သိန်းပေါင်း လေးသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုဆေးရည်များ ဖမ်းဆီးရမိ
24htopnews | December 22, 2024 9:12 AM CST

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နှင့် နမ်းခမ်းမြို့တို့တွင် အမှတ် (၂၂) မူးယစ်တပ်ဖွဲ့စုက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန် ၂၀ ရက်အထိ ကျပ် ၄၂၅၄၆ ဒသမ ၇၇ သိန်း (ကျပ်သိန်းပေါင်း လေးသောင်းကျော်) တန်ဖိုးရှိ မူယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုဆေးရည်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အမှတ် (၂၂) မူးယစ်တပ်ဖွဲ့စုက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်ကနေ ဇွန်၂၀ ရက်အထိ မူးယစ်ဆေးဝါးနဲ့ ထိန်းချုပ်ဓာတုဆေးရည်များ ဖမ်းဆီးနိုင်မှုမှာ စုစုပေါင်း ၇၄ မှု ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံ စုစုပေါင်း ၈၈ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး ကာလတန်ဖိုးအားဖြင့် သိန်းပေါင်း ၄၂၅၄၆ ဒသမ ၇၇ ဖမ်းဆီးနိုင်ခဲ့ပါတယ်”ဟု အမှတ် (၂၂) မူးယစ်တပ်ဖွဲ့စု မူဆယ်မှ ရဲမှူးစိုင်းကိုကိုလတ်က ဆိုသည်။

၎င်းက “ကျွန်တော်တို့ မူးယစ်ဆေးဝါး ကင်းစင်အောင် ပြုလုပ်ဖို့ဆိုရင် ပြည်သူပါဝင်မှုက အရေးကြီးပါတယ်။ ပြည်သူအားလုံးက ၀ိုင်းဝန်းကူညီ သတင်းပေးဖို့လည်း လိုပါတယ်။ကျွန်တော်တို့က ပြည်သူ ပါဝင်လာအောင် အသိပညာပေးတွေ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အသိပညာပေး ဟောပြောတာ၊ မူးယစ်ဆေးဝါးရဲ့ဆိုးကျိုးတွေ ဟောပြောတာ၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးတာ၊ အခြေခံပညာကျောင်းတွေမှာကအစ ကလေးတွေ မူးယစ်သားကောင်ဘဝ မရောက်အောင် မူးယစ်နဲ့ဆိုင်တဲ့ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာ၊ ပန်းချီပြိုင်ပွဲတွေကို အမြဲပြုလုပ်ပေးနေသလို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်” ဟု ဆက်လက် ပြောကြားသည်။

မူဆယ်ခရိုင်အတွင်း မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် မေ ၁၅ ရက်မှ ဇွန် ၁၅ ရက်အတွင်း နဂါးမင်းစီမံချက်ဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ မိတ်ဖက်အဖွဲ့အစည်း၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက တရားမဝင် ဝင်ရောက်သူ တရုတ်နိုင်ငံသားများ၊ မူးယစ်ဆေးဝါးများ စုံစမ်းဖော်ထုတ် ဖမ်းဆီးမှုများ၊ မူးယစ်ဆေးစွဲသူများ ကင်းရှင်းရေး လုပ်ငန်းများ၊ ခိုးဆိုးလုနှိုက် ပပျောက်ရေးနှင့် လောင်းကစားကင်းစင်ရေး လုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ရာ မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများ၊ သစ်နှင ့်တရားမဝင် ဝင်ရောက်သူများကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကာ မူဆယ်ခရိုင်အတွင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက် မှ ဇွန်၂၀ ရက်အထိ မူးယစ်ဆေးဝါး ဖမ်းဆီးအရေးယူထားမှုမှာ မူဆယ်မြို့နယ်တွင် ၆၁ မှု၊ ကွတ်ခိုင်မြို့နယ်တွင် ၇၃ မှုနှင့် နမ်းခမ်းမြို့နယ်တွင် ၂၅ မှု စုစုပေါင်း ၁၅၉ မှု ဖော်ထုတ် ဖမ်းဆီးအမှုဖွင့် အရေးယူထားပြီး ဆက်လက်၍ မူးယစ်ဆေးဝါများ ကင်းစင်ပပျောက်စေရေးအပြင် ပြည်သူဘေးကင်းလုံခြုံမှု ရှိစေရန် အစီအမံများချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ထိန်လင်းက ပြောကြားသည်။

အမှတ် (၂၂) မူးယစ်တပ်ဖွဲ့စု (မူဆယ်) က မူဆယ်မြို့နှင့် နမ်းခမ်းမြို့များတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဇွန်၂၀ ရက်အထိ မူယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုဆေးဝါးများ ဖမ်းဆီးရရှိမှုမှာ ဘိန်းစိမ်းတစ်မှု၊ ဘိန်းဖြူ ၁၆ မှု၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၈ မှု၊ အိုက်စ် နှစ်မှု၊ ဘိန်းဆီခဲ တစ်မှု၊ ထိန်းချုပ်ဓာတုဆေးရည် နှစ်မှုနှင့် အခြားဓာတုဆေးရည် လေးမှု စုစုပေါင်း ၇၄ မှု ဖမ်းဆီးနိုင်ခဲ့ကာ တရားခံစုစုပေါင်း ၈၈ ဦး ဖမ်းဆီးနိုင်ခဲ့သည်။

၂၀၁၉ ခုနှစ်အတွင်း၌ အမှတ် (၂၂) မူးယစ်တပ်ဖွဲ့စု (မူဆယ်) က မူးယစ်ဆေးဝါးနှင့် ထိန်းချုပ်ဓာတုဆေးဝါးများ ဖမ်းဆီးရရှိမှုမှာ ဘိန်းစိမ်း ခြောက်မှု၊ ဘိန်းဖြူ ၅၂ မှု၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၉ မှု၊ ဘိန်းဆီခဲ တစ်မှု၊ ဘိန်းညိုမှုန့်တစ်မှု၊ ဘိန်းရည်တစ်မှု၊ အိုက်စ် နှစ်မှု၊ ကဖင်း တစ်မှု၊ ထိန်းချုပ်ဓာတုဆေးရည် ခြောက်မှုနှင့် အခြားဓာတုဆေးရည် သုံးမှု စုစုပေါင်း ၂၂၂ မှု ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK