Top News

ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုထားသည့် စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့အမှုတွင် အဆိုတော်မျိုးကြီးနှင့် ရဲအရာရှိတစ်ဦးအား စစ်ဆေး
24htopnews | December 22, 2024 9:12 AM CST

ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုထားသည့် စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့နှစ်ဦးကို ဇွန်လ ၂၃ ရက် နံနက်ပိုင်းက မရမ်းကုန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေ အဆိုတော်မျိုးကြီးနှင့် အမှုစစ်ရဲအရာရှိတစ်ဦးတို့ကို စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေတစ်ဦးကို ပယ်ဖျက်ခဲ့ကြောင်း၊ တရားလိုဘက်မှ တင်သွင်းထားသည့် တရားလိုပြ သက်သေများအားလုံးကို ၇ ကြိမ်မြောက်ရုံးချိန်းတွင် စစ်ဆေးပြီး စီးခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့်ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို တရားခွင်အတွင်းသို့ ဝင်ရောက်ခွင့်မပေးသည့်အတွက် ဆရာတော်က တရားရုံးရှေ့တွင် တရားစီရင်ရေးကို အယုံအကြည်မရှိကြောင်းမိန့်ကြားခဲ့သည်။

စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ရုံးထုတ်စဉ် ယခင်ရုံးချိန်းများနည်းတူ ၎င်းတို့ကို ခေါ်ဆောင်လာသည့်ကားကို တရားရုံးဝင်းအတွင်းအထိ မောင်းနှင်ကာ ထီးများဖြင့် ကာရံပြီး ရုံးထုတ်ခဲ့သည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့် စောဒေးဗစ်လားကို မေလ၂ဝရက် နံနက်ပိုင်းက Quarantine ထားရှိရာ City Hotel Yangon မှ မရမ်းကုန်းမြို့နယ်တရားရုံးသို့ ခေါ်ဆောင်ခဲ့ပြီး ပထမအကြိမ် ရုံးထုတ်ရမန်ယူခဲ့သည်။

အဆိုပါရုံးချိန်းတွင် စောဒေးဗစ်လားကို ရဲလုပ်ငန်းဆောင်ရွက်ချက်များ စစ်ဆေးရန်ရှိနေသေးသည့်အတွက် မေလ ၂၀ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ၁၅ရက်ကြာ ချုပ်ရက်ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ဘေးအန္တရာယ်ဖြစ်သည့် လူစုလူဝေးများပြားသည့် နေရာများတွင် လျင်မြန်စွာကူးစက်နိုင်သည့်အတွက် လူစုလူဝေးဖြင့် ကျင်းပသည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို မပြုလုပ်ရန်၊ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကို ညွှန်ကြားခဲ့ပြီး မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်နေ့တွင် အမိန့်အမှတ် ၂/ ၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့သည်။

သို့သော် ၂၀၂၀ ပြည့်နှစ် ဧပြီ ၇ ရက်နေ့ ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ် အမှတ် (၂) ကမ္ဘာအေးဘုရားလမ်း အမှတ် (၇) ရပ်ကွက်ရှိ ညီအစ်ကိုများအသင်းတော်ဝန်းအတွင်း ပေ၂၀×ပေ၂၀ အခန်းတွင် ညွှန်ကြားချက်နှင့် အမိန့်များကို ဖောက်ဖျက်ကာ ဦးဝေထွန်းနှင့် စောဒေးဗစ်လားတို့ ဦးဆောင်၍ လူစုလူဝေးဖြင့် နှစ်သိမ့်ဓမ္မတေး သီဆိုဆုတောင်းခဲ့သည့်အပြင် လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်အတွက်ကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်တွင် ဘေးအန္တရာယ်ဖြစ်စေရန် အကြောင်းရှိသည်ကို သိလျက်နှင့် တမင်ပြုလုပ်ခဲ့သူနှစ်ဦးကို အရေးယူပေးရန် မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ကာ ဧပြီ ၁၃ ရက်နေ့တွင် မရမ်းကုန်းမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

COVID-19 ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်သည့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ)၊ အမှုတော်ဆောင် ဦးစောရေဂန်ဒီ၊ ဦးစောဒေးဗစ်(ခ) ဒေးဗစ်လား (တရားဟောဆရာ)နှင့် ဦးဝေထွန်း(နဝရတ်တေးသံသွင်း)တို့ လေးဦးကို ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေး ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မရဲစခန်းနှင့် မရမ်းကုန်းမြို့မ ရဲစခန်းတို့တွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး ညွှန်ကြားချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် သင်းအုပ်ဆရာအပါအဝင် လူလေးဦးအား အင်းစိန်မြို့မရဲစခန်းနှင့် မရမ်းကုန်းမြို့မ ရဲစခန်းတို့တွင် အမူဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဧပြီ ၁၄ ရက်တွင် ကြေညာထားသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမူဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မူတစ်ခုခုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင်ဖော်ပြထားသည်။

 

 


READ NEXT
Cancel OK