Top News

မုဒိတာအိမ်ရာဝန်းအတွင်းရှိ နိုင်ငံခြားသားများနေထိုင်သည့် တိုက်ခန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ပြီး အထောက်အထားမရှိဘဲ နေထိုင်သူများကို ဖမ်းဆီး
24htopnews | December 22, 2024 9:12 AM CST

မုဒိတာအိမ်ရာဝန်းအတွင်းရှိ နိုင်ငံခြားသားများနေထိုင်သည့် တိုက်ခန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဇွန်လ ၂၄ရက် ညနေပိုင်းက ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းမြို့နယ်၊မုဒိတာအိမ်ရာ (၁)၊ A ဆောင်၊ B ဆောင်နှင့် C ဆောင် စသည့် အဆောင်သုံးဆောင်ရှိ နိုင်ငံခြားသားများနေထိုင်သည့် နေအိမ်တိုက်ခန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လ.ဝ.က မှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့စစ်ဆေးရာ မြန်မာနိုင်ငံတွင်နေထိုင်ကြောင်း အထောက်အထားတစ်စုံတစ်ရာမရှိသည့် နိုင်ငံခြားသားများ A ဆောင်တွင် ရဦး၊ Bဆောင်တွင် ၁၀ ဦးနှင့် C ဆောင်တွင် ၁ဝဦး အပါအဝင် ၃၀ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး မရမ်းကုန်းမြို့မရဲစခန်းနှင့် ဘုရင့်နောင်မြို့မရဲစခန်းများသို့ ခေါ်ဆောင်သွားကြောင်း ကနဦးသိရသည်။

တိုက်ခန်းများကို ဝင်ရောက်စစ်ဆေးရာတွင် အချို့မှာ တိုက်ခန်းတံခါးများကို အပြင်မှသော့ခတ်ကာ ကုတင်အောက်များ၊ အိမ်သာများထဲတွင် ပုန်းအောင်းနေကြောင်း၊ ပတ်စ်ပို့မရှိဘဲ နေထိုင်သူအများစုဖြစ်ပြီး နိုင်ဂျီးရီးယားနိုင်ငံသား အများဆုံးပါဝင်ကြောင်း သိရသည်။

"အခုလိုစစ်ဆေးမယ်ဆိုတဲ့ အစီအစဉ်ကို အန်တီတို့လည်း မသိလိုက်ဘူး။ အပြင်ကတစ်ယောက်က အိမ်ရာထိပ်မှာ ထွေအုပ်တွေရောက်နေတယ်ဆိုပြီး ဖုန်းဆက်မှ သိတာ။ မြို့နယ်ပေါင်းစုံက ထွေအုပ်တွေပါတယ်။ အဆောင်တွေကိုလိုက်စစ်တယ်။ A ဆောင်ကိုစစ်တော့ အန်တီတို့ Aဆောင်မှာ နိုင်ဂျီးရီးယားနိုင်ငံသားတွေ နေတဲ့တိုက်ခန်း ၈ ခန်းရှိတယ်။ ၂ ခန်းကို အပြင်ကနေ သော့ခတ်ခဲ့တယ်။ ကျန်တဲ့အခန်းတွေကို ရိုက်ဖွင့်ရတယ်။ သူတို့က ကုတင်အောက်တွေ အိမ်သာတွေမှာ ပုန်းနေကြတယ်" ဟု မုဒိတာအိမ်ရာ A ဆောင်သာယာရေးဥက္ကဌ ဒေါ်ဥမ္မာကြည်ကပြောကြားသည်။

ပြီးခဲ့သည့် ဇွန်လ ၄ရက်နေ့က မုဒိတာအိမ်ရာဝန်းအတွင်းရှိ နိုင်ငံခြားသားများနေထိုင်သည့် တိုက်ခန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ရာ A ဆောင်တွင်နေထိုင်သည့် နိုင်ဂျီးရီးယားနိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးတို့ကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 


READ NEXT
Cancel OK