Top News

မြဝတီမြို့ရှိ တောင်မြဝတီစီးပွားဖြစ် ကျွန်းစိုက်ခင်းအတွင်း တရားမဝင်မြေရောင်းသူနှင့် အဆောက်အအုံဆောက်သူ နှစ်ဦးကို သစ်တောဌာနက အမှုဖွင့်
24htopnews | December 22, 2024 9:12 AM CST

မြဝတီမြို့ အမှတ် (၃) ရပ်ကွက် တောင်မြဝတီသစ်တောကြိုးဝိုင်း ကျွန်းစိုက်ခင်းအတွင်းရှိ မြေကွက်ကို  တရားမဝင်ရောင်းချသူနှင့် အဆောက်အအုံဆောက်လုပ်သူ နှစ်ဦးကို အမှုဖွင့်လှစ်အရေးယူခဲ့ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် (၃) ရပ်ကွက် မြဝတီ-မဲ့ထော်သလေးသွား ကားလမ်းဘေးနေရာတွင် သစ်တောမြေအားဝယ်ယူကာ အဆောက်အအုံများ ကျူးကျော်ဆောက်လုပ်နေကြောင်း သတင်းအရ ဇွန် ၂၄ ရက်တွင် မြဝတီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးကျော်မျိုးသူ (ဦးစီးအရာရှိ မြို့နယ်သစ်တောဦးစီးဌာန မြဝတီမြို့) နှင့် တောအုပ်ကြီး ဦးသွင်ထူးကျော်၊ တောအုပ်ကြီး ဦးမြင့်နိုင်၊ တောအုပ် ဦးသောင်းကျော်၊ တောခေါင်း ဦးသက်နိုင်ဝင်း၊ တောခေါင်း ဦးစိုင်းတင်လှ၊ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်း ရဲဒုတပ်ကြပ် ထွန်းတေဇာကျော်တို့ ပါဝင်သောအဖွဲ့သည် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြဝတီကြိုးဝိုင်း (၂/၁၉၉၁)၊ ကျွန်းစိုက်ခင်း ၇၅ ဧကအတွင်း ကျူးကျော်မြေအကျယ်အဝန်း ပေ ၆၀၊ ပေ ၅၀ အတွင်းတွင် ယာယီတဲတစ်လုံးအား ဆောက်လုပ်ထားရှိပြီး (လူနေထိုင်ခြင်းမရှိ) အဆောက်အအုံ ဆောက်လုပ်ရန် စတင်ပြင်ဆင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျူးကျော်နေထိုင်သူအား စုံစမ်းရာ ယင်းနေ့တွင် မခိုင်ရွှေစင်ဆိုသူ အမျိုးသမီးတစ်ဦးက ကျူးကျော်မြေနေရာသို့ လာရောက်ပြီး ၎င်းပိုင်မြေနေရာဟု ပြောဆိုသဖြင့်  ဦးစီးအရာရှိ ဦးကျော်မျိုးသူက ၎င်းအမျိုးသမီးအား မြေနေရာနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းရာ မြေရောင်းသူအား သွားရောက်ခေါ်ဆောင်ပေးမည်ဟုဆိုကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဦးကျော်မျိုးသူနှင့် အဖွဲ့က ဆက်လက်စုံစမ်းရှာဖွေရာတွင် ရောင်းသူ/ဝယ်သူ၏ အရောင်းအဝယ် ပြုလုပ်ထားသည့် စာချုပ်များ လူမှုကွန်ရက်တွင် တွေ့ရှိသဖြင့် ကျူးကျော်မြေနေရာအား ရောင်းချသူမှာ ဦးဆန်းဝင်း ဖြစ်ကြောင်းသိရှိရပြီး သစ်တောမြေအတွင်း ယာယီတဲတစ်လုံးဆောက်လုပ်ခြင်း၊ မြေနေရာ ရှင်းလင်းတူးဆွခြင်းကြောင့် မြေမူလအနေအထား ပျက်ယွင်းစေခြင်းတို့ကြောင့် ဉပဒေအရ အရေးယူပေးပါရန် ဦးကျော်မျိုးသူက တရားလိုပြုလုပ် အမှုဖွင့်လှစ်တိုင်တန်းရာ မြေရောင်းသူ ဆန်းဝင်း အမှတ် (၃) ရပ်ကွက်၊ မြဝတီမြို့နေထိုင်သူနှင့် မြေဝယ်သူ မခိုင်ရွှေစင် (၁၂) ဂိတ် အမှတ် (၅) ရပ်ကွက် မြဝတီမြို့ နေထိုင်သူတို့နှစ်ဦးအား မြဝတီမြို့မရဲစခန်းက (ပ) ၄၂၇/၂၀၂၀၊ ၂၀၁၈ ခုနှစ် သစ်တောပုဒ်မ ၄၀ (က) (၃)/ ၄၁ (င) ဖြင့်အမှုဖွင့်ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကျွန်းစိုက်ခင်းသည် လမ်းမကြီး၏ ဝဲယာတွင်တည်ရှိသည့် နိုင်ငံပိုင်စီးပွားဖြစ် ကျွန်းတောကြီးဖြစ်သော်လည်း ယခုအခါ ကျွန်းပင်များမှာ နေအိမ်ထဲသို့ ရောက်ရှိသွားသည့်အပင်များရှိသလို မိုးတွင်းပိုင်း၌ပင် ရွက်ခြောက်ပင်ဖြစ်ကာ သေဆုံးနေသောအပင်များစွာလည်း ရှိသည်။

သို့ဖြစ်၍ ယခင်က တရားမဝင်နေထိုင်နေမှုကို အရေးယူဖယ်ရှားခြင်းမရှိစေကာမူ အသစ်ထပ်မံ၍ တရားမဝင်ရောင်းချမှု၊ တရား မဝင်ကျူးကျော်ဆောက်လုပ်နေမှုတို့အား အရေးယူတားဆီးပေးရန် ရပ်မိရပ်ဖများက တောင်းဆိုခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK