Top News

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ အချက်အလက်အချို့ရရှိထားပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေဟုဆို
24htopnews | December 22, 2024 9:12 AM CST

လောင်းလုံးမြို့နယ်ရှိ သပြေရှောင်ကျေးရွာ၌ ဇွန် ၂၃ရက်က ဖြစ်ပွားသည့် နှစ်လောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်၍ အချက်အလက်အချို့ ရရှိထားပြီး မကြာမီဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

လောင်းလုံးမြို့နယ် ထားဝယ်-ကျောက်နီမော်လမ်းမပေါ်မှ သပြေရှောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ၈၆ နှစ်နှင့် ၅၄ နှစ်အရွယ်သား အမိနှစ်ဦး နေအိမ်ပေါ်၌ နှစ်လောင်းပြိုင် အသတ်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပြီးနောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့်အမှုစစ်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တရားခံဖမ်းဆီးမိရန် စုံစမ်းဖော်ထုတ်ခဲ့ကြောင်း၊ လက်ရှိအခြေအနေအရ အမှုနှင့်ပတ်သက်၍ အရေးကြီးသည့် အချက်အလက်များကို ရရှိထားပြီးဖြစ်ပြီး မကြာမီအချိန်တွင် တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။

“ ဒီလောင်းလုံးလူသတ်မှုနဲ့ ပတ်သက်လို့လည်း အလေးအနက်ထားပြီး ဆောင်ရွက်လျက်ရှိတယ်။ ဘာကြောင့်လဲဆိုရင် လူသတ်မှုတိုင်းက တို့ရဲတပ်ဖွဲ့အနေနဲ့ အမှုကြီးလို့ခေါ်တဲ့ အမှုကြီး ၁၀ မျိုး ဇယားဝင်အမှုတွေ ဖြစ်ပါတယ်။ အမှုကြီးဆိုပြီး သတ်မှတ်တဲ့အတွက် ဒါအမှုကြီးကို အလေးအနက်ထားပြီး စုံစမ်းဖော်ထုတ်လေ့ရှိတယ်။ အဲဒီအပြင် သုံးလောင်းပြိုင်၊ နှစ်လောင်းပြိုင်ဆိုတာ အများသူငါ ပိုမိုစိတ်ဝင်စားမှုတွေ ဖြစ်တဲ့အတွက် ပိုပြီးအလေးအနက်ထားတယ်။ ဒီသုံးလောင်းပြိုင် (ရေဖြူမြို့နယ်၌ ဖြစ်ပွားခဲ့သည့် မီးရထားဝန်ထမ်းမိသားစု အသတ်ခံရမှု) လည်း သိရရချင်း တိုင်းရဲတပ်ဖွဲ့မှူးရဲ့ ကြပ်မတ်မှုနဲ့အမှုစစ်အဖွဲ့ဖွဲ့ အားချင်းဆောင်ရွက်ပြီးတော့ ဖြန့်ကျက်ပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဆောင်ရွက်ခဲ့တဲ့ အကျိုးအမြတ်ရလဒ်ကိုလည်း ခံစားရပါတယ်။ အမှုအခင်းဖြစ်ပြီးတော့ ၁၁ ရက်အကြာမှာ ဖော်ထုတ်အရေးယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ လောင်းလုံးအမှုလည်း အလေးနက်ထားပါတယ်။ သူက နှစ်လောင်းပြိုင်အမှုဖြစ်တဲ့အတွက် ဒါလည်းရရှိတဲ့ အချက်အလက်အချို့လည်း ရရှိပြီးဖြစ်ပါတယ်။ ဒါလည်း မကြာခင်မှာ ဖော်ထုတ်ပါ့မယ်။ ဖော်ထုတ်ဖမ်းဆီးရမိနိုင်အောင်လည်း ဆောင်ရွက်လျက်ရှိပါတယ်။ ကျန်တဲ့အချက်အလက်တွေကတော့ စစ်ဆေးဆောင်ရွက်ဆဲဖြစ်တဲ့အတွက် ထုတ်ဖော်ပြောဖို့ အကန့်အသတ်လေး ဖြစ်နေတဲ့အတွက် အခုလိုပဲ ပေါ်ပေါက်လာရင် မီဒီယာတွကိုဖိတ်ပြီးတော့ တရားဝင် ရှင်းလင်းပြန်ကြားပေးမယ်” ဟု တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်စိုးက ပြောကြားသည်။

လောင်းလုံးမြို့နယ် သပြေရှောင်ကျေးရွာ၌ ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုကို တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ထားဝယ်ခရိုင်ရဲတပ်ဖွဲ့မှူးက အမှုစစ်ခေါင်းဆောင်အဖြစ် တာဝန်ယူကာ အမှုဖော်ထုတ်ရန်လိုအပ်သည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ရဲဘက်အဖွဲ့စုံပါဝင်သည့် အထူးအဖွဲ့ဖြင့် အင်အားဖြန့်ခွဲကာ စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ သပြေရှောင်ကျေးရွာရှိ အခင်းဖြစ်ပွားရာနေအိမ်၌ နေထိုင်သူ ၈၆ နှစ်အရွယ် ဒေါ်အေးရီကို နေအိမ်အောက်ထပ်ရှိ တမံသလင်းပေါ်၌ လဲကျသေဆုံးနေသည်ကို ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီကျော်၌ မြေးဖြစ်သူက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ဒေါ်အေးရီ၏ သမီးဖြစ်သော ၅၄ နှစ်အရွယ် ဒေါ်သိန်းယူကိုလည်း နေအိမ်အပေါ်ထပ် ဘုရားခန်း၌ ဦးခေါင်းဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူ၏ မိသားစုဝင်များမှာ အသက် ၈၈ နှစ်အရွယ်ရှိသူ ဒေါ်အေးရီကို နေအိမ်အောက်ထပ် တမံသလင်း၌ လဲကျသေဆုံးနေသည်ကို စတင်တွေ့ရှိခဲ့ပြီးနောက် မတော်တဆချော်လဲ၍ ရိုးရိုးသေဆုံးခဲ့သည်ဟု ယူဆကာ ကျေးရွာနာရေးအသင်းကို ဆက်သွယ်ခဲ့ပြီး နေအိမ်အောက်ထပ်၌ နာရေးအတွက် ပြင်ဆင်နေစဉ် နေအိမ်အပေါ်ထပ်သို့ တက်ကြည့်ရှုခဲ့သူတစ်ဦးက နေအိမ်ဘုရားစင်အရှေ့၌ လဲကျသေဆုံးနေသော အသက် ၅၄ နှစ်အရွယ် ဒေါ်သိန်းယူကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK