Top News

ဖျူရီ - အူဆိုက် ဟဲဗီးဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲအတွက် သတင်းစာရှင်းလင်းပွဲတွင် ၁၀ မိနစ်ကျော်ကြာသည်အထိ တစ်ဦးနှင့်တစ်ဦးစကားမပြောဘဲ စိုက်ကြည့်နေခဲ့ကြ
24htopnews | December 21, 2024 4:12 PM CST

 

ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီနှင့် ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒား အူဆိုက်တို့ထိုးသတ်မည့် ဟဲဗီးဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲ မကျေပွဲအတွက် နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွင် ၁၀ မိနစ်ကျော်ကြာသည်အထိ တစ်ဦးနှင့်တစ်ဦး စကား မပြောဘဲ အပြန်အလှန်စိုက်ကြည့်နေခဲ့ကြကြောင်း သိရသည်။

WBC ချန်ပီယံဟောင်း ဖျူရီနှင့် WBA(Super)၊ WBO၊ WBC ချန်ပီယံ အူဆိုက်တို့၏ မကျေပွဲအတွက် နောက်ဆုံးသတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၉ ရက်က ဆော်ဒီ နိုင်ငံ၌ ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲအပြီးတွင် ကစားသမားနှစ်ဦး မျက်နှာချင်းဆိုင်တွေ့ဆုံမှုပြုလုပ်စဉ် ၁၀ မိနစ်ကျော်ကြာသည်အထိ စကားမပြောဘဲ အပြန်အလှန် စိုက်ကြည့်နေခဲ့ခြင်းဖြစ်သည်။ 

ထို့ကြောင့် WBC ဥက္ကဋ္ဌ ဆူလေမန်အပါအဝင် ပွဲတာဝန် ရှိသူများက လူစုခွဲရန် ကြိုးပမ်းခဲ့သော်လည်း ၁၁ မိနစ်၊ စက္ကန့် ၂၀ ကြာမှသာ လူစုခွဲနိုင်ခဲ့ရာ လက်ဝှေ့အားကစားသမိုင်းတစ်လျှောက် အချိန်အကြာဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံမှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ဖျူရီနှင့် အူဆိုက်သည် မေ ၁၈ ရက်က ဆော်ဒီနိုင်ငံ၌ ပထမအကြိမ်ထိုးသတ်ရာ အူဆိုက်က အမှတ်ဖြင့် အနိုင်ရပြီး WBA(Super)၊ WBO၊ WBC၊ IBF ချန်ပီယံခါးပတ် အားလုံးရရှိကာ အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ် တန်းချန်ပီယံဖြစ်လာခဲ့သည်။ သို့သော် အူ ဆိုက်က မကျေပွဲပြန်လည်ထိုးသတ်နိုင်ရန် အတွက် IBF ချန်ပီယံခါးပတ်ကို ဇွန်လ အတွင်း စွန့်လွှတ်ခဲ့သောကြောင့် ယခုပွဲအနိုင်ရမည့်သူမှာ ခါးပတ်သုံးခုသာ ပိုင်ဆိုင်ခွင့်ရမည်ဖြစ်သည်။ 

ဖျူရီနှင့် အူဆိုက်တို့၏မကျေပွဲကို ဒီဇင်ဘာ ၂၁ ရက် (မြန်မာစံတော်ချိန် ဒီ ဇင်ဘာ ၂၂ ရက် နံနက် ၅ နာရီခွဲဝန်းကျင်) တွင် ဆော်ဒီနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK