Top News

ညီဖြစ်သူ ပေါလ်ပေါ့ဘာထံမှ ငွေညှစ်ရန် ကြိုးပမ်းမှုကြောင့် အစ်ကိုဖြစ်သူ မာသီးယပ်စ်ပေါ့ဘာ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရ
24htopnews | December 21, 2024 4:12 PM CST

 

မန်ယူနှင့် ဂျူဗင်တပ်စ်အသင်း ကွင်းလယ်လူဟောင်းဖြစ်သည့် ညီဖြစ်သူ ပေါလ်ပေါ့ဘာထံမှ ငွေညှစ်ရန် ကြိုးပမ်းမှုကြောင့် အစ်ကိုဖြစ်သူ မာသီးယပ်စ်ပေါ့ဘာကို ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ တရားရုံးက ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

ပေါ့ဘာသည် မန်ယူအသင်း၌ကစားနေစဉ် ၂၀၂၂ ခုနှစ် မတ်လအတွင်း သေနတ်ဖြင့် ခြိမ်းခြောက်၍ ငွေညှစ်ရန် ကြိုးပမ်းမှုခံခဲ့ရသည်။ ယင်းဖြစ်ရပ်ကို ပြင်သစ်အာဏာပိုင်များက စုံစမ်းစစ်ဆေးရာ ခြိမ်းခြောက်ငွေညှစ်ရန် ကြိုးပမ်းရာတွင် ပေါ့ဘာ၏ ငယ်သူငယ်ချင်းများနှင့် အစ်ကိုဖြစ်သူ မာသီးယပ်စ်တို့ ပါဝင်ပြီး သေနတ်ကိုင်ထားသူနှစ်ဦးက ယူရို ၁၃ သန်း တောင်းဆိုသဖြင့် ယူရိုတစ်သိန်းပေးခဲ့ရကြောင်း သိရသည်။ 

နှစ်နှစ်ခွဲနီးပါး ကြားနာစစ်ဆေးမှုများပြုလုပ်ပြီးနောက် ပါရီတရားရုံးက ဒီဇင်ဘာ ၁၉ ရက်တွင် မာသီးယပ်စ်အား ထောင်ဒဏ်သုံးနှစ်နှင့် ယူရို ၂၀၀၀၀၊ ပြစ်မှု ကျူးလွန်ရာတွင်ပါဝင်သည့် အခြားငါးဦးကိုလည်း ထောင်ဒဏ်လေးနှစ်၊ ငါးနှစ်၊ ရှစ်နှစ် စသည့်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

မာသီးယပ်စ် (၃၄ နှစ်) အနေဖြင့် အဆိုပါပြစ်ဒဏ်မှ ထောင်ဒဏ်နှစ်နှစ်ကို ဆိုင်းငံ့သာ ချမှတ်ခံရခြင်းဖြစ်ပြီး ကျန်တစ်နှစ်ကိုလည်း နေအိမ်အကျယ်ချုပ်ဖြင့် လျှပ်စစ်ခြေကျင်းဝတ်ဆင်၍ နေထိုင်ရမည်ဖြစ်သည်။ ၎င်းမှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမား တစ်ဦးဖြစ်ပြီး ဝရက်စ်ဟမ်း၊ ခရူဝီ၊ ခရော်လေ စသည့် အင်္ဂလန်ကလပ်များတွင် ကစားခဲ့ဖူးကြောင်း သိရသည်။ 

ပေါ့ဘာ (၃၁ နှစ်) မှာလည်း တားမြစ်ဆေးကျရှုံးမှုကြောင့် ပွဲပယ်ခံထားရပြီး အယူခံအောင်မြင်သဖြင့် လာမည့် ၂၀၂၅ ခုနှစ် မတ်လတွင် ပြန်လည်ကစားခွင့်ရမည်ဖြစ်သည်။


READ NEXT
Cancel OK