Top News

အမေရိကန် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုလေ့လာဆန်းစစ်ရေးစင်တာ(GTTAC)၏ နှစ်စဉ်ထုတ်ပြန်သည့် အကြမ်းဖက်မှုအညွှန်းကိန်းအစီရင်ခံစာတွင် မြန်မာနိုင်ငံပါဝင်ပြီး PDF နှင့် အခြားလက်နက်ကိုင်အဖွဲ့များ၏ လုပ်ဆောင်ချက်များ ဖော်ပြခံရ
24htopnews | December 21, 2024 12:12 PM CST

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကမ္ဘာ့လုံးဆိုင်ရာအကြမ်းဖက်မှု လေ့လာဆန်းစစ်ရေးစင်တာ (Global Terrorism Trends and Analysis Center-GTTAC)၏ ၂၀၂၂ ခုနှစ် အကြမ်းမှုဖက်နှင့်သက်ဆိုင်သည့် အညွှန်းကိန်းအစီရင်ခံစာတွင် မြန်မာနိုင်ငံပါဝင်ပြီး PDF နှင့် အခြားလက်နက်ကိုင်အဖွဲ့များ၏ လုပ်ဆောင်ချက်များအား ဖော်ပြထားသည်ကို တွေ့ရသည်။

GTTAC သည် ကမ္ဘာ့တစ်ဝန်း အကြမ်းဖက်မှုများကို ပုံမှန်စောင့်ကြည့်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြမ်းဖက်မှုတန် ပြန်တိုက်ဖျက်ရေးဗျူရိုသို့ နှစ်စဉ်အစဉ်ခံစာ တင်သွင်းရခြင်းဖြစ်ကာ အဆိုပါအစီရင်ခံစာ ကို ၂၀၂၃ ခုနှစ် ဧပြီလကတည်းက တင်သွင်းထားခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်တွင် ပြင်ပသို့ တရားဝင်ထုတ်ပြန်ခြင်းဖြစ်သည်။

အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ် အကြမ်းဖက်မှုနှင့်သက်ဆိုင်သော စာရင်းအင်းအချက် အလက်များကို ထုတ်ပြန်ခဲ့ရာ ကမ္ဘာတစ်ဝန်းတွင် အကြမ်းဖက်မှုဖြစ်ပွားရာနိုင်ငံများ စာရင်း၌ နိုင်ဂျီးယား၊ ဘာကီနာဖာဆို၊ မိုဇမ်ဘစ်၊ အီရတ်၊ ဆီးရီးယား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယီမင်၊ ဒီအာကွန်ဂို၊ ဆိုမာလီယာတို့နှင့်အတူ မြန်မာနိုင်ငံလည်း ပါဝင်လာခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု ၃၉၁ ကြိမ်ရှိခဲ့ပြီး ယင်းအကြမ်းဖက်မှုများတွင် လူ ၂၁၃၀ သေဆုံးခဲ့ကာ ယင်းသေဆုံးမှုသည်  ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုကြောင့် စုစုပေါင်းထိခိုက် သေဆုံးသူ၏ ၁၀ ရာခိုင်နှုန်းရှိခဲ့သည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များအနက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က လုပ်ဆောင်မှုသည် ၁၉၈ ကြိမ်ရှိပြီး အကြမ်းဖက်မှုအားလုံး၏ ၅၀ ရာခိုင်နှုန်းဖြစ်ကြောင်း GTTAC ကဖော်ပြသည်။

ထို့အတူ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုများအနက် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)သည် အကြမ်းဖက်မှု ၂၉ ကြိမ် (ခုနစ်- ရာခိုင်နှုန်း)၊ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KNDF)သည် အကြမ်းဖက်မှု၂၇ ကြိမ် (ခုနစ်-ရာခိုင်နှုန်း) လုပ်ဆောင်ခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားသည့် အကြမ်းဖက်မှု ၁၄ ရာခိုင်နှုန်းသည် အထက်ပါအကြမ်းဖက်မှုဖြစ်ပွားအောင် လုပ်ဆောင်သော အုပ်စုတစ်ခုခုကြောင့် ဖြစ်ပွားခြင်းမဟုတ်ဘဲ အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက်မှုများကြောင့် ၂၀၂၂ ခုနှစ်အတွင်း  ထိခိုက်သေဆုံးမှုအများဆုံး ၁၀ နိုင်ငံတွင် မြန်မာနိုင်ငံသည် တတိယအများဆုံးနိုင်ငံဖြစ်သည်။ ဒီအာကွန်ဂို၊ နိုင်ဂျီးရီးယားတို့ပြီးလျှင် မြန်မာနိုင်ငံသည် ထိခိုက်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်ခဲ့ပြီး လူ ၂၁၃၀ သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၂  ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုများသည် လွန်ခဲ့သောနှစ်ထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာပြီး အကြမ်းဖက်မှုကြောင့် ထိခိုက်သေဆုံးသူအရေအတွက်မှာ ၅၀ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်နည်းလမ်းအမျိုးအစားများတွင် ပစ်ခတ်မှု (၃၈ ရာခိုင်နှုန်း)၊ မြေမြုပ်မိုင်း သို့မဟုတ် လက်လုပ်ဗုံး(IED) (၂၁ ရာခိုင်နှုန်း)၊ ဗုံးခွဲမှုများ (၁၉ ရာခိုင်နှုန်း)ပါဝင်ကြောင်း တွေ့ရသည်ဟု ဖော်ပြထားသည်။

၂၀၂၂ ခုနှစ်အတွင်းတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားသော အကြမ်းဖက်လုပ်ရပ် ၅၈ ရာခိုင်နှုန်းသည် တပ်မတော်ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး ၁၅ ရာခိုင်နှုန်းမှာ အခြားကျူးလွန်သူများ(တပ်မတော်နှင့်ဆက်နွယ်သူ)ကို ပစ်မှတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် သာမန်ပြည်သူများ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုမှာ ကိုး-ရာခိုင်နှုန်းရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအရေအတွက် အများဆုံးဖြစ်ပွားသော ပြည်နယ်များမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀၇ ကြိမ် (၂၇ ရာခိုင်နှုန်း)၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၄၂ ကြိမ် (၁၁ ရာခိုင်နှုန်း)၊ ကရင်ပြည်နယ်တွင် ၃၆ ကြိမ် (ကိုးရာခိုင်နှုန်း) ရှိကြောင်း အစီရင်ခံစာက ဖော်ပြသည်။

GTTAC အစီရင်ခံစာရ ၂၀၂၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများ အားလုံး၏ ၅၂ ဒသမ ၁  ရာခိုင်နှုန်းသည် ဂျီဟတ်ဒ်ဘာသာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၄၂ ဒသမ ၃ ရာခိုင်နှုန်းသည် လူမျိုးစုအမျိုးသားရေးဝါဒီ - ခွဲထွက်ရေးဝါဒီခေါင်းစဉ်ဖြင့်လည်းကောင်း၊ ၇ ဒသမ ၅ ရာခိုင်နှုန်းသည် လက်ဝဲတော်လှန်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခြောက်-ရာခိုင်နှုန်းသည် အီရန်နိုင်ငံက ကျောထောက်နောက်ခံပြု အဖွဲ့များကလည်းကောင်း အသီးသီးလုပ်ဆောင်ခဲ့ခြင်းဖြစ်ဟုဖော်ပြသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာအတွင်းက ကုလသမဂ္ဂလူ့အခွင့်အရေး အထူးသံတမန် သောမတ်အိတ်ချ်အန်ဒရူးစ် တင်သွင်းသည့် မြန်မာ့လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်းသည့် အစီရင်ခံစာတွင် လက်နက်ကိုင်အဖွဲ့များနှင့် PDF များလုပ်ဆောင်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုမြင့်တက်လာသည်ဟု ဖော်ပြခဲ့သည်။

အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အုပ်စုများက အုပ်စုဖွဲ့မုဒိမ်းကျင့်သည်ဟုဆိုပြီး မုဒိမ်းကျင့်ပြီးနောက် သတ်ဖြတ်ပစ်သည်ဟု အမျိုးသမီးအုပ်စုများက ပြောကြားကြောင်းနှင့်  ကလေးသူငယ်မုဒိမ်းမှုလည်းရှိသည်ဟု အစီရင်ခံစာတွင်ပါရှိသည်။

ထို့ပြင် လက်နက်ကိုင်အုပ်စုများက ၎င်းတို့ထိန်းချုပ်ထားသောနယ်မြေများတွင် ခြိမ်းခြောက်မှုများပြုလုပ်ခြင်း၊ လက်စားချေခြင်းတို့နှင့်ပတ်သက်၍ အသက်ရှင်ကျန်ရစ်သူများက သတင်းပေးရန် စိုးရိမ်လျက်ရှိကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ အမြတ်ထုတ်ခံရခြင်း၊ မတော်မတရားလုပ်ခံရခြင်းတို့နှင့်စပ်လျဉ်း၍ ကျူးလွန်ခံရသူများကို အကာအကွယ်ပေးသည့် မူဝါဒအား အကောင်အထည်ဖော်နေကြောင်း၊ တိုင်ကြားမှုများ၊ စောင့်ကြည့်ရေးလုပ်ငန်းများ၊ ဒုက္ခရောက်ခဲ့သူများကို ကူညီရေး၊ ပညာပေးအစီအစဉ်များနှင့်ပတ်သက်၍လည်း NUG က အထူးသံတမန်ကို အသိပေးခဲ့သည်ဟု ဆိုသည်။

သို့ရာတွင် လက်တွေ့အခြေအနေတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရသူများသည် လျော်ကြေးမရဘဲ ကျူးလွန်သူအများစုသည် ပြစ်မှုများအတွက် တရားစီရင်မခံရဟု အစီရင်ခံစာတွင် ပါရှိသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း နိုင်ငံတစ်ဝန်းဒလန်စွပ်စွဲချက်နှင့် CDM မပြု လုပ်သည့်အကြောင်းပြချက်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရသူ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ သံဃာတော်များ၊ နိုင်ငံရေးပါတီဝင်များအပါအဝင် စုစုပေါင်း ၆၈၀၀ ဝန်းကျင်ခန့်ရှိပြီဖြစ်သည်။                    

အခြားတစ်ဖက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်မှုကြောင့် သေဆုံးသူသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်အထိ ၄၂၁၈ ဦးရှိကြောင်း AAPP အဖွဲ့က ထုတ်ပြန်ထားပြီး အဆိုပါစာရင်းများသည် အချက်အလက်ခိုင်မာမှုမရှိဟု နစကဘက်က ငြင်းဆိုထားသည်။

အထက်ပါထုတ်ပြန်ထားသည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ပဋိပက္ခအတွင်း  နှစ်ဖက်အရပ်သားသေဆုံးမှုသည် ဦးရေတစ်သောင်းကျော်ရှိပြီဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။


READ NEXT
Cancel OK