Top News

ထိန်ပင်နှင့် ထားဝယ်ချောင်အမှိုက်ပုံရှိ အမှိုက်များမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကိုရီးယားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် တွေ့ဆုံဆွေးနွေး
24htopnews | December 21, 2024 12:12 PM CST

ထိန်ပင်နှင့် ထားဝယ်ချောင်အမှိုက်ပုံရှိ အမှိုက်များမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ကိုရီးယားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ကိုရီးယားနိုင်ငံ GES Global Energy Solution ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ထိန်ပင်နှင့်ထားဝယ်ချောင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများမှထွက်ရှိသော ဓာတ်ငွေ့များကို စုပေါင်းသန့်စင်၍ မီးရှို့ခြင်းနှင့် လျှပ်စစ်ထုတ်ယူခြင်း စီမံကိန်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနနှင့် GES တို့ပူးပေါင်းဆောင်ရွက်ခဲ့သော ဖြစ်နိုင်ခြေလေ့လာမှု(Feadibility Study) များအရ ထိန်ပင်အမှိုက်ပုံနှင့် ထားဝယ်ချောင်အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အခြေအနေများ၊ အမှိုက်ပုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စီမံကိန်းလုပ်ငန်းစတင်မည့်အချိန်ကာလနှင့်ပြီးစီးမည့်အချိန် ကာလအခြေအနေများ၊ စီမံကိန်းလုပ်ငန်းအား အဆင့်သုံးဆင့် ခွဲခြားဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ထုတ်လုပ်မည့် နည်းပညာနှင့် ပတ်သက်သည့်အခြေအနေများ၊ စီမံကိန်းလုပ်ငန်းပြီးစီးပါက ရရှိလာမည့် ဓာတ်အားပမာဏအခြေအနေများ၊ ထိန်ပင်အမှိုက်ပုံနှင့် ထားဝယ်ချောင်အမှိုက်ပုံများမှ အမှိုက်များအား ဓာတ်ခွဲစမ်းသပ်ပြီးစီးမှုအခြေအနေများ၊ နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများ၏ အရွယ်ပမာဏအား လျှော့ချနိုင်မည့်အခြေအနေများ၊ စီမံကိန်းလုပ်ငန်းအပေါ် ရရှိလာမည့်အကျိုးအမြတ်ခွဲဝေနိုင်မည့် အခြေအနေများ၊ အမှိုက်ပုံများမှအမှိုက်များအား ခွဲခြားထုတ်လုပ်မည့်အခြေအနေများကို  ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK