Top News

■ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ အူဆိုက်နှင့် ချန်ပီယံဟောင်း တိုင်ဆန်ဖျူရီတို့၏ မကျေပွဲကို ဆော်ဒီအာရေဗျနိုင်ငံတွင် ယနေ့ ထိုးသတ်မည်     
24htopnews | December 21, 2024 12:12 AM CST

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဖြစ်သူ ယူကရိန်းလက်ဝှေ့သမား အူဆိုက်နှင့်  ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဗြိတိန လက်ဝှေ့သမား တိုင်ဆန်ဖျူရီတို့၏ မကျေပွဲကို ဆော်ဒီအာရေဗျနိုင်ငံတွင် ဒီဇင်ဘာ (၂၁)ရက်(ယနေ့) ထိုးသတ်မည်ဖြစ်သည်။ 

ယင်းမကျေပွဲကို ပထမ ပွဲထိုးသတ်ခဲ့သည့် ရီယာ့ဒ်မြို့ရှိ၊ Kingdom Arena တွင်ပင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

    

(၁၂)ချီထိုးသတ်မည့် ယင်းမကျေပွဲသည် မြန်မာစံတော်ချိန် ဒီဇင်ဘာလ(၂၂)ရက် နံနက်(၄)နာရီခွဲတွင်မှ အစောဆုံးစတင်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

ယခုနှစ် မေလ(၁၈)ရက်က ထိုးသတ်ခဲ့သော ပထမပွဲတွင် အူဆိုက်က အမှတ်ဖြင့်နိုင်ကာ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့၏ ပထမဆုံး ခါးပတ်လေးခုပိိုင်ဆိုင်သည့် အငြင်းပွားဖွယ်မရှိ ချန်ပီယံ ဖြစ်လာခဲ့သည်။ 

ယင်းပွဲတွင် ဒိုင်လူကြီးနှစ်ဦးက အူဆိုက်ကို ၁၁၅- ၁၁၂၊ ၁၁၄-၁၁၃ မှတ်ဖြင့် အနိုင်ပေးခဲ့ပြီး ကျန်တစ်ဦးကမူ တိုင်ဆန်ဖျူရီကို ၁၁၄-၁၁၃ မှတ်ဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

သို့သော် အူဆိုက်အနေဖြင့် IBF ချန်ပီယံကာကွယ်ပွဲ ထိုးသတ်ခြင်းမရှိသောကြောင့် တိုင်ဆန်ဖျူရီအား အနိုင်ယူပြီး မကြာမီ ပြန်လည် လက်လွှတ်ခဲ့ရသည်။ 

ထို့ကြောင့် ယခုပွဲမှာ အူဆိုက်၏ WBA(Super)၊ IBO နှင့် WBC ခါးပတ်သုံးခု၏ ကာ ကွယ်ပွဲအဖြစ်သာ ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ 

လက်ရှိတွင် IBF ချန်ပီယံခါးပတ်ကို ဗြိတိန်လက်ဝှေ့ သမား ဒူဘွာက ပိုင်ဆိုင်ထားလျက်ရှိသည်။


READ NEXT
Cancel OK