Top News

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဝန်အားမနိုင်သဖြင့် ည ၉ နာရီမှ နံနက် ၁ နာရီအထိ အလှည့်ကျ လျှပ်စစ်မီး ပြတ်တောက်ချိန် ထပ်တိုးမည်
24htopnews | December 20, 2024 6:12 PM CST

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဝန်အားမနိုင်သဖြင့် ည ၉ နာရီမှ နံနက် ၁ နာရီအထိ အလှည့်ကျလျှပ်စစ်မီး ပြတ်တောက်ချိန် ထပ်တိုးမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးအချို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်စု A နှင့် အုပ်စု B နှစ်အုပ်စုခွဲကာ လေးနာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားပေးနေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်မှ စတင်ကာ အလှည့်ကျ ဝန်အားလျှော့ချချိန် တစ်ချိန် ထပ်တိုးမည်ဖြစ်ကြောင်း သိရသည်။

" ဓာတ်အားစနစ်၏ လိုအပ်ချက်အရ ယနေ့ (ဒီဇင်ဘာ ၁၉) ရက်နေ့မှ စတင်၍ အများပြည်သူအား ဓာတ်အားပေးနေသည့် Group A and B အား  မနက် ၅ နာရီမှ မနက် ၉ နာရီအထိ Group A ဓာတ်အားပိတ်ပါမည်။ မနက် ၉ နာရီမှ နေ့လယ် ၁ နာရီအထိ Group. B ဓာတ်အားပိတ်ပါမည်။နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ Group A ဓာတ်အားပိတ်ပါမည်။ ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ဓာတ်အားပိတ်ပါမည်။ည ၉ နာရီမှ နောက်နေ့မနက် ၁ နာရီအထိ Group A ဓာတ်အားပိတ်ပါမည်။ မနက် ၁ နာရီမှ မနက် ၅ နာရီအထိအား Group A and B နှစ်စုလုံးအား ဓာတ်အားပေးထားပါမည် ဖြစ်ပါကြောင်းအသိပေးအကြောင်းအပ်ပါသည်" ဟု သာကေတမြို့နယ်လျှပ်စစ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ လှိုင်မြို့နယ် လျှပ်စစ်ရုံးကလည်း " ဓာတ်အားစနစ်အတွင်းဝန်အားမနိုင်နင်းမှုကြောင့် (19.12.2024)ရက်နေ့(ယနေ့)မှစ၍ ည ၉ နာရီမှ နံနက် ၁ နာရီအထိ တစ်ချိန်ထပ်တိုး၍ အလှည့်ကျဝန်အား​​ လျှော့ခြင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်" ဟု ထုတ်ပြန်ထားသည်။

" အရင် ညနေ ၅ နာရီပြတ်ရင် ၉ နာရီလာတယ်။ အဲ့ဒီအချိန်က မြို့နယ်နီးပါးတိုင်းရတယ်။ အခုကတော့ တရက်ခြားတခါပုံစံဖြစ်သွားတာပေါ့။ သိပ်တော့မထူးပါဘူး။ လာရမယ့်အချိန်မှာလည်း အနည်းဆုံး ၁ နာရီလောက်ကတော့ ပြတ်နေတာပဲ" ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း လျှပ်စစ်မီးဖြန့်ဖြူးနေသည့်အခြေအနေများအရ ဝန်အားလျှော့ချရခြင်းများရှိနေပြီး လျှပ်စစ်မီးလာရမည့်အချိန်တွင်လည်း ပြတ်တောက်မှုများရှိနေကြောင်း ရန်ကုန်မြို့တွင် နေထိုင်သူများ၏ ပြောကြားချက်များအရ သိရသည်။


READ NEXT
Cancel OK