Top News

■ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်တွင် ပြုလုပ်သည့် ကြက်ခြေနီ စျေးရောင်းပွဲတော်တွင် လက်လုပ်ဗုံး ပေါက်ကွဲပြီး လူလေးဦး သေဆုံး
24htopnews | December 20, 2024 12:12 PM CST

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်တွင် ပြုလုပ်သည့် ကြက်ခြေနီ စျေးရောင်းပွဲတော်တွင် လက်လုပ်ဗုံး ပေါက်ကွဲပြီး လူလေးဦး သေဆုံး

 

ဗုံးပေါက်ကွဲမှု သံသယရှိသူနှစ်ဦးအနက် တစ်ဦးသည် KNU အဖွဲ့ဝင်ဖြစ်ဟု ထိုင်းသတင်းဌာနအချို့ကဖော်ပြပြီး အမှုမှန်ဖော်ထုတ်ရေး၌ ထိုင်းအစိုးရနှင့်ပူးပေါင်းဆောင်ရွက်မည်ဟု KNU ထုတ်ပြန်

 

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ် အွန်ဖန်ခရိုင်တွင်ပြုလုပ်သည့် ကြက်ခြေနီစျေးရောင်းပွဲတော်တွင် ဒီဇင်ဘာ ၁၄ ရက် နံနက်အစောပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် လူလေးဦးသေဆုံးခဲ့ကြောင်း အွန်ဖန်ခရိုင်ရဲစခန်းက ပြောကြားခဲ့သည်။

တာ့ခ်ကြက်ခြေနီအဖွဲ့က နှစ်စဉ်ကျင်းပသည့် ထိုပွဲတော်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် လူ နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး လူအများအပြားဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ဒဏ်ရာရရှိသူများကို အွန်ဖန်ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် နှစ်ဦးထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူစုစုပေါင်း လေးဦးအထိရှိလာခဲ့ကာ ဒဏ်ရာရသူ ၄၈ ဦးရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲအရာရှိများက မျက်မြင်သက်သေများကို မေးမြန်းရာတွင် ပြစ်မှုကျူးလွန်သူသည် ပွဲတော်သို့လာရောက်သည့် လူအုပ်အတွင်းသို့ ဗုံးကိုပစ်ထည့်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်များက ထွက်ဆိုခဲ့သည်။

 

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သံသယရှိသူနှစ်ဦးသည် မည်သူမည်ဝါဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ပြီဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒုရဲချုပ် အာချာယွန့် ကရိုင်သွန်းက ပြောကြားခဲ့သည်။

 

သံသယရှိသူနှစ်ဦးအနက် တစ်ဦးမှာ ထိုင်းလူမျိုးဖြစ်ပြီး နောက်တစ်ဦးမှာ KNU အဖွဲ့ဝင်ဖြစ်ကြောင်း ဘန်ကောက်မြို့တော်အခြေစိုက် Khaosod English သတင်းဝက်ဘ်ဆိုက်၏ Facebook page တွင် ဖော်ပြထားသည်။

 

အဆိုပါ KNU အဖွဲ့ဝင်က သူသည် နိုဝင်ဘာလက Loy Krathong ပွဲတော်တွင်ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုနှင့်ပတ်သက်ပြီး လက်စားချေရန်အတွက် ဗုံးကို ပွဲတော်သို့ ယူလာခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံဖြောင့်ချက်ပေးခဲ့သည်ဟု Khaosod English ၏ Facebook page တွင် ဖော်ပြထားသည်။

 

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ထိုင်းဘုရင့်အစိုးရ အာဏာပိုင်များ၏ အမှုမှန်ဖေါ်ထုတ်ရေးလုပ်ငန်းစဉ်များတွင် KNU အနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် သဘောထားဖော်ပြကြောင်း KNU ဗဟို အမြဲတမ်းကော်မတီက ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သည်။

 

ထိုင်းဘုရင့်နိုင်ငံ၊ တာ့ခ်ခရိုင် အုန်းဖန် (Umphang) ၌ နှစ်စဉ်ပြုလုပ်နေကြ Doi Loi Fa ပွဲတော် ၏ ဒီဇင်ဘာ ၁၃ ရက်နေ့ ည အချိန်တွင် ဗုံးပစ်တိုက်ခိုက်မှု ဖြစ်ခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများ ရှိခဲ့ကြောင်း ကြားသိရ၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ အဆိုပါ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်းနှင့် ထိုသို့ အကြမ်းဖက်သည့် လုပ်ရပ်များကို လက်မခံသလို ပြုလုပ် သူများအား ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်သည်။

 

Ref: The Nation/ Khaosod English


READ NEXT
Cancel OK