Top News

ဝေဖန်သူများက မိမိကိုနှိမ့်ချရန်နှင့် ဖျက်ဆီးရန် ကြိုးစားနေသော်လည်း ၎င်းတို့မတတ်နိုင်တော့ကြောင်း The Best အကောင်းဆုံးဆုရရှိပြီးနောက် ဗင်နီစီယပ်စ် တုံ့ပြန်
24htopnews | December 19, 2024 8:12 PM CST

၂၀၂၄ ခုနှစ်အတွက် The Best အကောင်းဆုံးကစားသမားဆုရရှိပြီးနောက် ရီးယဲလ်အသင်းတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ဝေဖန်သူများအနေဖြင့် မိမိကို နှိမ့်ချရန်နှင့် ဖျက်ဆီးရန် ကြိုးစားနေသော်လည်း ၎င်းတို့မတတ်နိုင်တော့ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။

The Best FIFA Football Awards ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ပြီး အကောင်းဆုံးအမျိုးသားကစားသမားဆုကို ဗင်နီစီယပ်စ်က ရမှတ် ၄၈ မှတ်ဖြင့် ဆွတ်ခူးရရှိကာ မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီက ၄၃ မှတ်ဖြင့် ဒုတိယ၊ ရီးယဲလ်အသင်းကွင်းလယ်လူ ဘယ်လင်ဂမ် က ၃၇ မှတ်ဖြင့် တတိယရရှိခဲ့သည်။

ဗင်နီစီယပ်စ်အပါအဝင် ရီးယဲလ်အသင်းအနေဖြင့် အောက်တိုဘာလအတွင်း ကျင်းပသည့် Ballon d'Or ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်းမပြုဘဲ သပိတ်မှောက်ခဲ့သောကြောင့် ဝေဖန်မှုများရှိနေခြင်းအပေါ် ၎င်းက ယခုလို တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

''ဒီနေရာကို ငါရောက်လာတယ်။ ငါမြင်ခဲ့တယ်။ ငါအနိုင်ရတယ်။ ဒီနေ့မှာ ဒီကောင်လေးအတွက် (မိမိကိုယ်ကိုယ်ရည်ညွှန်း၍) ဒါကို ကျွန်တော်ရေးခဲ့တာပါ။ သူက ဒီဆုကို  စံပြကစားသမားတွေ အများကြီးကိုင်မြှောက်ခဲ့ကြတာ မြင်ဖူးပါတယ်။ အခု မင်းရဲ့အချိန် ရောက်လာပါပြီ။ ဒါက ကျွန်တော့်ရဲ့အချိန် ရောက်လာတာပါ။ အခုလိုပြောရမယ့်အချိန် ရောက်ပါပြီ။ ဟုတ်ပါတယ်။ ကျွန်တော်က ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ ဒီနေရာကိုရောက်ဖို့ ကျွန်တော်အများကြီးကြိုးစားခဲ့ရပါတယ်။ သူတို့ (ဝေဖန်သူတွေ) က ကျွန်တော့်ကို နှိမ့်ချဖို့၊ ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်။ ဆက်ပြီးတော့လည်း ကြိုးစားနေတုန်းပဲ။ ဒီဆုကို ကိုယ်တိုင်အတွက်၊ ကျွန်တော့်မိသားစုအတွက် ရယူခဲ့တာပါ။ ဖလာမင်ဂို၊ ရီးယဲလ်မက်ဒရစ်၊ ဘရာဇီးလက်ရွေးစင်အသင်း၊ ဒီနှစ်တွေထဲမှာ ကျွန်တော့်အသင်းဖော် ရာပေါင်းများစွာရဲ့ ပံ့ပိုးမှုတွေနဲ့ ရယူနိုင်ခဲ့တာပါ။ သူတို့တွေက ကျွန်တော့်ရဲ့ နေ့စဉ်ဖြတ်သန်းမှုကို အတူမျှဝေခဲ့ကြပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာ အသိအမှတ်ပြုပေးကြသူတွေပါ'' ဟု ဗင်နီစီယပ်စ်က Instagram တွင် ရေးသားထားသည်။


READ NEXT
Cancel OK