Top News

နေရပ်သို့ ခွင့်ဖြင့်ပြန်လာသည့် မြန်မာလုပ်သားများ ငွေလွှဲပေးပို့ထားသည့် အထောက်အထားများ ပြသနိုင်မှသာ OWIC ကတ် ပြုလုပ်နိုင်မည်
24htopnews | December 19, 2024 7:12 PM CST

နေရပ်သို့ ခွင့်ဖြင့်ပြန်လာသည့် မြန်မာလုပ်သားများ ငွေလွှဲပေးပို့ထားသည့် အထောက်အထားများ ပြသနိုင်မှသာ OWIC ကတ် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထား သည်။

ပြည်ပတွင်အလုပ်လုပ်ကိုင်ပြီး နေရပ်သို့ ခွင့်ဖြင့်ပြန်လာသူများအနေဖြင့် ပြန်လည်ထွက်ခွာရာတွင် အလုပ်သမားသက်သေခံကတ် OWIC ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ယင်းသို့ ပြုလုပ်ရာတွင် တရားဝင်ငွေလွှဲပေး ပို့ထားသည့်အထောက်အထားကို ပြသရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

အခုက ပြည်ပကိုအလုပ်သွားလုပ်မယ်ဆိုရင် OWIC ကတ်က အရေးကြီးတယ်။ အရင်ကသွားလုပ်ထားပြီး ခွင့်နဲ့ပြန်လာရင်လည်း OWIC ကတ်ရှိမှပဲ ပြန်ထွက်လို့ရတယ်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့ရရှိသည့် လုပ်ခလစာများကို တရားဝင်လမ်းကြောင်းများမှတစ်ဆင့်လွှဲပြောင်းပေးပို့ရန် သတ်မှတ်ခြင်းအနေဖြင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ပြည်ပနိုင်ငံတွင် မိမိရရှိမည့်လုပ်ခလစာ၏အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏မိသားစုဝင်များထံသို့ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် Remittance Business License(RBL) ရရှိသူများဖြင့်ဖြစ်စေ၊ ဘဏ်စနစ်ဖြင့် ချိတ်ဆက်ထားသော နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများ ဖြင့်ဖြစ်စေ တစ်လလျှင်တစ်ကြိမ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း သို့မဟုတ် အများဆုံးသုံးလလျှင် တစ်ကြိမ် သုံးလစာစုစုပေါင်း၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိမိ၏မိသားစုဝင်များထံသို့ သို့မဟုတ် မိခင်နိုင်ငံရှိ မိမိ၏ဘဏ်စာရင်းသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာ ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိ၏မိသားစုဝင်များထံသို့ မိသားစုလွှဲပို့ငွေလွှဲပြောင်းပေးပို့ရန် ပျက်ကွက်သည်ကို စိစစ်တွေ့ရှိရပါက ပြည်ပသို့အလုပ်ဖြင့်ထွက်ခွာမှုကို ကာလအကန့်အသတ်ဖြင့် ပိတ်ပင်ခြင်း၊ ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ် (Owersea Worker Indeification Card)  ထုတ်ပေးမှု မပြုခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး မြှင့်ခွင့်မပြုခြင်း စသည်တို့အပြင် လိုအပ်သလိုစိစစ်အရေးယူ ဆောင်ရွက်ခြင်းခံရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါနည်းလမ်းများအတိုင်း မိမိ၏မိသားစုဝင်များထံတရားဝင်လွှဲပို့ထားသော မိသားစုလွှဲပို့ငွေများကို တည်ဆဲဥပဒေများနှင့်အညီ ဝင်ငွေရလမ်းဖော်ပြနိုင်သော ငွေအဖြစ် ခံစားခွင့်ရရှိနိုင်ရေး တရားဝင်လွှဲပြောင်း ပေးပို့ခဲ့သည့် အထောက်အထားစာရွက်စာတမ်းများကို သေချာစွာသိမ်းဆည်းထားရမည်ဖြစ်ကြောင်း၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့်ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင် နေသည့် အလုပ်သမားများသည် တရားဝင်ငွေလွှဲပေးပို့ထားသည့် အထောက်အထားများကို မိမိအား တာဝန်ယူစေလွှတ်ခဲ့သည့် အေဂျင်စီထံသို့ မပျက်မကွက် မိတ္တူပေးပို့ရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


READ NEXT
Cancel OK