Top News

မူဒရစ် သုံးခဲ့သည့်တားမြစ်ဆေးမှာ နာမည်ကျော် ရုရှားတင်းနစ်မယ်ဟောင်း ရှာရာပိုဗာ (၂)နှစ်ပွဲပယ်ခံရသည့်ဆေးဖြစ်ကြောင်း Daily Mail ဖော်ပြ
24htopnews | December 19, 2024 6:12 PM CST

 

ချယ်လ်ဆီးတိုက်စစ်ကစားသမား ဆေးကျခဲ့သည့် တားမြစ်ဆေးမှာ နာမည်ကျော် ရုရှားတင်းနစ်မယ်ဟောင်း ရှာရာပိုဗာ သုံးစွဲခဲ့ပြီး (၂) နှစ်ပွဲပယ်ခံခဲ့ရသည့် Meldonium ဆိုသည့် ဆေးဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

ယူကရိန်းတိုက်စစ်ကစားသမား မူဒရစ်(၂၃ နှစ်)ကို ဆေးကျကြောင်း အကြောင်းကြားခဲ့သည့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) က ၎င်းသုံးစွဲသည့် တားမြစ်ဆေးကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။ သို့သော် Daily Mail က ယူကရိန်းမီဒီယာများ၏ဖော်ပြချက်ကို ကိုးကားကာ မူဒရစ်အနေဖြင့် Meldonium ဆိုသည့်ဆေးကို သုံးစွဲခြင်းဖြစ်ကြောင်း ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ 

Meldonium ကို ၁၉၇၀ တွင် လတ်ဗီးယားသိပ္ပံပညာရှင် ကယ်လ်ဗင်စ်ဆိုသူက ဖော်စပ်ခဲ့ပြီး ဆိုဗီယက်အထူးစစ်သားများအတွက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းဆေးကို ၂၀၁၆ ဇန်နဝါရီ (၁) ရက်တွင် ကမ္ဘာ့တားမြစ်ဆေးအေဂျင်စီက ကစားသမားများအတွက် တားမြစ်ဆေးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ရုရှားတင်းနစ်မယ်ဟောင်း ရှာရာပိုဗာသည် Meldonium ကို ၂၀၁၆ ခုနှစ်တွင် သုံးစွဲခဲ့ခြင်းကြောင့် (၂) နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည်။ Meldonium ကို တီတွင်ခဲ့သည့် ကယ်လ်ဗင်စ်က အဆိုပါဆေးမှာ ကစားသမားများအတွက် အန္တရာယ်ရှိပြီး လုံးဝမသုံးသင့်ဟု သတိပေးခဲ့ကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK